ဥရောပနိုင်ငံအချို့ ခရီးသွားလာမှုပိတ်ပင်မှုများ ပြန်လည်ရုပ်သိမ်းရန် စီစဉ်

အောင်ကျော်ကျော်

 

ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၅၇၁၈၈ဝ ကျော်ရှိပြီး သေဆုံးသူ ၁၇၇၈ ဦး ရှိလာခဲ့ပြီဖြစ်သည်။

 

ဥရောပတိုက်သည် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် တိုက်တစ်တိုက် ဖြစ်လာခဲ့သည်။ ဧပြီ ၂၁ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၁၀ နာရီအထိ စစ်တမ်းများအရ ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၄၈၄၆၉ ဦးရှိပြီး သေဆုံးသူ ၁၁၀၅၂ ဦးရှိကြောင်း ဥရောပ ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာက သတင်းထုတ်ပြန်ခဲ့သည်။

 

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဥရောပနိုင်ငံအချို့တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ လျော့ကျလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဥရောပနိုင်ငံအချို့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို ပြန်လည်ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

 

ခရီးသွားလာမှု ပိတ်ပင်ခြင်းများကို ဖြေလျှော့ပေး

ဥရောပနိုင်ငံအစိုးရများက နိုင်ငံအတွင်း ချမှတ်ထားသော ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းတစ်ခုဖြစ်သည့် ခရီးသွား လာမှုပိတ်ပင်ခြင်းများကို ပြန်လည်ဖြေလျှော့ပေးမည်ဖြစ်သလို တစ်ဖက်ကလည်း ဗိုင်းရပ်စ်ကူးစက်ခြင်း ဆက်လက် မြင့်မားမှုမရှိစေရေးအတွက် စည်းမျဉ်းအချို့ကို ဆက်လက်ပြဋ္ဌာန်းထားမည်ဖြစ်သည်။

 

ဆိုက်ပရပ်စ်နိုင်ငံ

ဆိုက်ပရပ်စ်အစိုးရက ခရီးသွားလာမှုပိတ်ပင်ထားခြင်းကြောင့် ပြည်သူများ အလုပ်လက်မဲ့ဖြစ်ကာ နိုင်ငံအတွင်း စီးပွားရေးကျဆင်းမည်ကို စိုးရိမ်သဖြင့် ဗိုင်းရပ်စ်ကာကွယ်တားဆီးရေး စည်းမျဉ်း၊ စည်းကမ်းများကို ပြန်လည်ဖြေလျှော့ ပေးရန် စီစဉ်လျက်ရှိသည်။ သမ္မတ နီကိုစ် အာနာစတာစီရပ်စ်ဒီးစ်က ကုန်သည်ကြီးများ သမဂ္ဂအဖွဲ့၊ လုပ်ငန်းရှင်များ အဖွဲ့၊ ဟိုတယ်ပိုင်ရှင်များ၊ ကန်ထရိုက်တာများ၊ မြေလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းများ ဖြေလျှော့ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

နိုင်ငံအတွင်း ညမထွက်ရအမိန့်အပါအဝင် အခြားတင်းကျပ်သော ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကို မေ ၁ ရက်တွင် ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ဆိုက်ပရက်စ်အစိုးရက အတည်ပြုပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈၄ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးရှိသည်။

 

နယ်သာလန်နိုင်ငံ

နယ်သာလန်နိုင်ငံရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်ပေးမည်ဖြစ်သည့်အပြင် နိုင်ငံအတွင်း ချမှတ်ထားသော ဗိုင်းရပ်စ် ကာကွယ်တားဆီးရေး စည်းမျဉ်းများကို မေ ၁၁ ရက် တွင် အပြီးတိုင် ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်သည်ဟု နယ်သာလန်ဝန်ကြီးချုပ် မက်ခ်ရတ်တီက ပြီ ၂၁ ရက်တွင် ကြေညာခဲ့သည်။ နယ်သာလန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက် ခံရသူ ၃၄၈၄၂ ဦးရှိပြီး သေဆုံးသူ ၄၀၅၄ ဦးရှိကြောင်း သိရသည်။

 

ဩစတြီးယားနိုင်ငံ

အလားတူ ဩစတြီးယားအစိုးရက နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်တားဆီးရေး ပိတ်ပင်မှုများကို မေ ၁ ရက်တွင် ပြန်လည်ဖြေလျှော့ပေးမည်ဖြစ်သည့်အပြင် ဈေးဆိုင်အားလုံးကိုလည်း ပြန်လည်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် စာသင်ကျောင်းများကို မေ ၄ ရက်မှ စတင်ဖွင့်ခွင့်ပေးမည်ဖြစ်ပြီး စားသောက်ဆိုင် များ၊ ကော်ဖီဆိုင်များနှင့် ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းခြင်းများကို မေ ၁၅ ရက်တွင် ပြန်လည်ခွင့်ပြု ပေးမည်ဖြစ်သည်ဟု သြစတြီးယားဝန်ကြီးချုပ် ဆီဘာစရှင်း ကော့ဇ်က ပြောကြားခဲ့သည်။ သို့သော် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းနှင့် ဈေးဆိုင်များ၌ ပစ္စည်းများဝယ်ယူရာတွင် အလှည့်ကျစနစ်ဖြင့် ဝယ်ယူခြင်း စသည့် စည်းမျဉ်းများကို လိုက်နာကြရမည်ဖြစ်သည်။ ဧပြီ ၂၁ ရက် ဆေးမှတ်တမ်း များအရ သြစတြီးယားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၉၂၅ ဦးရှိပြီး သေဆုံးသူ ၅၁၀ ဦးရှိကြောင်း သိရသည်။

 

အီတလီနိုင်ငံ

အီတလီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် မကြာသေးမီ ရက်များတွင် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ လျော့ကျလျက်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံအတွင်း ချမှတ်ထားသော ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကိုတဖြည်းဖြည်း ပြန်လည်ဖြေလျှော့ပေးမည် ဖြစ်သည့်အပြင် မေ ၄ ရက်တွင် စီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည်စတင်ခွင့်ပေးမည်ဖြစ်သည်ဟု အီတလီဝန်ကြီးချုပ် ကွန်တီက ဆိုသည်။ ကျန်ရှိနေသေးသော စည်းမျဉ်းများကို အစိုးရအဖွဲ့က ထပ်မံဖြေလျှော့ပေးသွားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် ကွန်တီက ပြောကြားခဲ့သည်။

 

လွန်ခဲ့သောရက်သတ္တပတ်အကြာက ကလေးပစ္စည်းရောင်းချသည့် စတိုးဆိုင်များနှင့် စာရေးကိရိယာဆိုင်များကို ပြန်လည်ရောင်းချခွင့်ပေးခဲ့ကြောင်း သိရသည်။

 

အီတလီနိုင်ငံတွင် ပြီ ၂၁ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၈၃၉၅၇ ဦးရှိပြီး သေဆုံးသူ ၂၄၆၄၈ ဦးရှိသည်။

 

စပိန်နိုင်ငံ

စပိန်နိုင်ငံတွင် ဧပြီ၂၁ ရက်စစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၈၃၈၉ ဦးရှိပြီး သေဆုံးသူ ၂၁၇၁၇ ဦးရှိကာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။ နိုင်ငံအတွင်းရှိ ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကို မေ ၁၀ ရက်တွင် ပြန်လည်ဖြေလျှော့ပေးမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် ပီဒရို ဆန်းချက်စ်က ဆိုသည်။ ထို့ပြင် အသက် ၁၄ နှစ်အောက်ကလေးငယ်များကို ဧပြီ ၂၇ ရက်နောက်ပိုင်းတွင် နေအိမ်ပြင်ပသို့ ထွက်ခွင့်ပြုမည်ဖြစ်သည်။

 

သို့သော် ကလေးငယ်များအား နေအိမ်ပြင်ပသို့ ထွက်ခွင့်ပေးသော်လည်း ၎င်းတို့၏ မိဘအုပ်ထိန်းသူ တစ်ဦးလိုက်ပါ ရမည်ဖြစ်ပြီး သတ်မှတ်ခွင့်ပြုထားသည့် နေရာအတွင်းရှိ ဈေးဝယ်စင်တာ သို့မဟုတ် ဆေးဆိုင် စသည့် နေရာများသို့သာ သွားလာခွင့်ပြုထားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ