ဥရောပမှာ ကိုဗစ်- ၁၉ တိုက်ပွဲနဲ့ ရင်ဆိုင်နေရသလို ခရစ္စမတ်ကာလမှာ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့ အင်္ဂလန်နဲ့ အီတလီ

၂၁  ဒီဇင်ဘာ

ဥရောပမှာ ဆောင်းရာသီကာလ ကိုဗစ်- ၁၉ ကူးစက်မှု တိုးလာသော်လည်း အင်္ဂလန်နဲ့ အီတလီနိုင်ငံမှာရှိတဲ့ သန်းချီတဲ့လူတွေဟာ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်အသစ်တွေအောက်မှာ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြဦးမှာပါ။

ပထမဆုံးဒေသဖြစ်လာ

လွန်ခဲ့တဲ့တစ်နှစ် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့တဲ့အချိန်ကတည်းကစကာ ဥရောပဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၀၀၀၀၀ ကျော်လာခဲ့တဲ့ ပထမဆုံး ဒေသဖြစ်လာပါတယ်။ ကိုဗစ်-၁၉ကြောင့်ကမ္ဘာတစ်ဝန်းမှာ သေဆုံးခဲ့သူပေါင်း ၁ ဒသမ ၆ သန်း ကျော်လွန် ရောက်ရှိခဲ့သလို ကမ္ဘာ့စီးပွားရေးလည်း ပျက်စီးမှုအပေါင်း ကြုံတွေ့ခဲ့ရပါတယ်။

အင်္ဂလန်နိုင်ငံမှာ ကန့်သတ်ပိတ်ဆို့မှုကို စိတ်ကုန်နေတဲ့ ပြည်သူလူထုဟာ ခရစ္စမတ်ပွဲတော်ပြီးသွားတဲ့အခါ ငါးရက်တာ ဗိုင်းရပ်စ်ကန့်သတ်ဖြေလျှော့မှုကို ခံစားရဖို့ မျှော်လင့်လျက်ရှိပါတယ်။ သို့သော်လည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အဲဒီအစား လန်ဒန်နဲ့ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသကို အိမ်မှာပဲနေဖို့ ကြေညာခဲ့ပါ တယ်။ အဲဒီဒေသမှာ အင်္ဂလန်နိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံလောက် နေထိုင်ကြပါတယ်။

ကူးစက်မှုပိုမိုမြန်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇသစ်တစ်မျိုး

ကိုဗစ်-၁၉ မျိုးဗီဇသစ်တစ်မျိုးဟာ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကူးစက်နိုင်ခြေရှိတယ်လို့ ဂျွန်ဆင်က ပြောကြား လိုက်ပြီးတဲ့နောက် အခုလို ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

မိမိတို့စီစဉ်ထားတဲ့အတိုင်း ခရစ္စမတ်ပွဲတော်ကို ဆက်လက်မဆင်နွှဲနိုင်တော့တဲ့အတွက် နှလုံးမသာမယာ ဖြစ်ရပါတယ်လို့ ဂျွန်ဆင်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ အကယ်၍ ကိုဗစ်-၁၉ ဆိုင်ရာ အခြေအနေအကြောင်းအရာ အချက်အလက်တွေ ပြောင်းလဲသွားပြီဆိုတာနဲ့ မိမိတို့ရဲ့ လှုပ်ရှားဆောင်ရွက် မှုတွေလည်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ ဂျွန်ဆင်က ဆက်လက် ပြောကြားလိုက်ပါတယ်။

ရောဂါကူးစက်မှုပြင်းထန်တဲ့ ဒေသမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အနည်းဆုံး ဒီဇင်ဘာ ၃၀ ရက်အထိ အသွားအလာကန့်သတ်ပိတ်ဆို့မှုအောက်မှာ နေရမှာဖြစ် ပါတယ်။ အရင်ကပြောခဲ့တဲ့ မိသားစုသုံးစုအထိ စုဝေးခွင့် ပြုလိုက်တဲ့ အစီအစဉ်ကိုလည်း စိတ်မကောင်းစွာနဲ့ ပယ်ဖျက်လိုက်ရပါတယ်လို့ သူကဆက်ပြောလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ အဲဒီလို ကိုဗစ်-၁၉ မျိုးရိုးဗီဇသစ်တစ်မျိုး ကူးစက်ဖြစ်ပွားခဲ့တာကိုတွေ့ရှိခဲ့ပြီး နာရီအနည်း ငယ်အကြာမှာတော့ နယ်သာလန်နိုင်ငံမှာလည်း ဗြိတိန်ကလာတဲ့ခရီးသည်လေယာဉ်တွေကို တားမြစ်လိုက် ပါတယ်။ အဲဒီတားမြစ်ချက်ဟာ ဂရင်းနစ်စံတော်ချိန် ၀၅၀၀ နာရီမှ ဇန်နဝါရီ ၁ ရက်နေ့အထိ ဖြစ်ပါတယ်။

နယ်သာလန်မှာ ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်

နယ်သာလန်နိုင်ငံဟာ ဇန်နဝါရီလလယ်အထိ သီတင်းပတ်ငါးပတ်ကြာ ကန့်သတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှေးကွေးအောင် ကျောင်း တွေနဲ့ အရေးမကြီးတဲ့ဆိုင်တွေကို ပိတ်ထားပါတယ်။

အလားတူ အီတလီနိုင်ငံမှာလည်း ဇန်နဝါရီ ၆ ရက်အထိ ကန့်သတ်ပိတ်ဆို့မှုအသစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီကန့်သတ်ပိတ်ဆို့မှုမှာတော့ နေအိမ်ထဲကသူတွေဟာ အပြင်ကို တစ်ရက်မှာ တစ်ကြိမ်ထက်ပိုထွက်ခွင့် မရှိပါဘူး။ ထို့အတူ အရေးမကြီးတဲ့ဈေးဆိုင်တွေ၊ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဒေသတွင်း ခရီးသွားလာမှုတွေကို လည်း တားမြစ်ထားပါတယ်။

ကာကွယ်ဆေးမျှော်လင့်ချက်က လက်ယပ်ခေါ်

ယခုနှစ်အစောပိုင်းမှာ ကူးစက်ရောဂါရဲ့ ဗဟိုချက် ဖြစ်ခဲ့တဲ့ ဥရောပဟာ အခုဆိုရင်တော့ ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်တိုးလာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည် ဆုံတွေ့ကြမယ့် ခရစ္စမတ်အားလပ်ရက်ပြီးနောက်မှာ ကိုဗစ်-၁၉ ကူးစက်မှု အဆမတန်ဖြစ်ပွားလာတာကို အရာရှိတွေကလည်း စိုးရွံ့နေကြပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကူးစက်ရောဂါ စတင်ဖြစ်ပွားလာပြီး တစ်နှစ်ကြာပြီးတဲ့နောက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လျင်လျင်မြန်မြန် ဈေးကွက်တင် ဖြန့်ဖြူးထုတ်လုပ်ခြင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကို အဆုံးသတ်စေမယ့် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ စီးပွားရေးကို ယိမ်းယိုင်စေတဲ့ ကန့်သတ်ထိန်းချုပ်မှုတွေလည်း အသုံးပြုခဲ့ရပါတယ်။

ကာကွယ်ဆေးအများအပြား စတင်ထိုးနှံတော့မယ်

အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်ပြီးရင် ဥရောပဟာ ခရစ္စမတ်အားလပ်ရက်ပြီးတဲ့နောက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအများအပြား ထိုးနှံမှုဆိုင်ရာ လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးဆောင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဖိုက်ဇာ-ဘိုင်အိုအင်န်တက်ချ်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ သူတို့ရဲ့ ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင် ထိုးနှံပေးနေပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာ၁၈ ရက်က အရေးပေါ်သုံးစွဲ ခွင့်ပေးလိုက်ပါတယ်။ သန်းချီတဲ့ မော်ဒါနာကာကွယ်ဆေး

တွေကို ကိုဗစ်-၁၉ အဆိုးဆုံးခံစားနေရတဲ့ နိုင်ငံတွေမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အတွက် သင်္ဘောနဲ့တင်ပို့ဖို့ လုပ်ဆောင်နေကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

အမေရိကန်နိုင်ငံဟာ ဖိုက်ဇာနဲ့ ဘိုင်အိုအင်န်တက်ချတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ မော်ဒါနာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်မျိုးကို အသုံးပြုခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ အမေရိကန် နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့်တစ်နေ့ကို လူပေါင်း ၂၅၀၀ ကျော်လောက်သေဆုံးခဲ့ပါတယ်။ အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးတွေဟာ အစောဆုံးကာကွယ်ဆေး ထိုးနှံနိုင်အောင် အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

“မိုက်ပန့်စ်ရဲ့ အများပြည်သူဆိုင်ရာ ကာကွယ်ဆေး ထိုးနှံခြင်းဟာ အမေရိကန်ပြည်သူတွေကို ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၄ သန်းကျော်ရှိလာတဲ့ ကပ် ရောဂါကို တားဆီးရာမှာ အမျိုးသားရေးလှုပ်ရှားမှုဆိုင်ရာ ကြိုးပမ်းမှုအနေနဲ့ပူးပေါင်းပါဝင်နိုင်ရန် ထင်ရှားကျော်ကြားတဲ့ ကြိုးစားမှုတစ်ခုဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

တင်းကျပ်တဲ့ဆောင်ရွက်ချက်တွေ ချမှတ်

ထို့အတူပဲ ဇန်နဝါရီ ၂၀ မှာ အမေရိကန်သမ္မတ တာဝန်ယူမယ့် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင် ဒင်ဟာ အများပြည်သူဆိုင်ရာကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာ ၂၁ ရက်မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။

ဥရောပမှလည်း ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အီဂေါမက်တိုဗစ်ဟာ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဥရောပ သမဂ္ဂအစည်းအဝေးတက်ရောက်ပြီးနောက် ကိုဗစ်-၁၉ တွေ့ရှိခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ ပြင်သစ်သမ္မတ မက်ခရွန်လည်း ကိုဗစ်-၁၉ ကူးစက်ခဲ့ပါတယ်။ မက်ခရွန်မှာ ကိုဗစ်-၁၉ တွေ့ရှိခဲ့တဲ့အတွက် အစည်းအဝေး တက်ရောက်လာကြတဲ့ ဥရောပခေါင်းဆောင်တွေဟာ သူတို့ဟာသူတို့ သီးသန့် ခွဲခြားစောင့်ကြည့်မှုတွေ အလျင်အမြန်လုပ်ဆောင်ကြ ပါတော့တယ်။ နှစ်သစ်ကူးကာလမှာ ကိုဗစ်-၁၉ ကူးစက် မှု ပြန်လည်တိုးလာမှာကို စိုးရိမ်နေတဲ့ ဥရောပနိုင်ငံတွေဟာ ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ထားပါတယ်။ ။

ထွန်းသစ်စ

ကိုးကား- အေအက်ဖ်ပီ