နေပြည်တော် ဧပြီ ၂၃
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၁၉ မှ ၂၃ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပပူဇော်ခဲ့သည်။
ဥပ္ပါတသန္တိပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံအတွင်း၌ ကျင်းပရာ ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိ စာသင်တိုက်၊ တိုက်အုပ်ဆရာတော်၊ မဟာဂန္ထဝါ စကပဏ္ဍိတ၊ ဘဒ္ဒန္တအာသဘနှင့် သံဃာတော် ၆ ပါး၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၆ ပါး၊ ပေါင်း ၁၃ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး နေပြည်တော် သာသနာရေးမှူး၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ တပ်နယ်ဝတ် အသင်းသူများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။
ဉီးစွာ အုန်းတောပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော်ထံမှ ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူသော ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်ကို နာယူကြပြီး တက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗိုလ်လောင်းအမှတ်စဉ် ၁၁၁ ကျောင်းဆင်းအရာရှိများက ၁၆ နှစ် မြောက်နှစ်ပတ်လည်နေ့အတွက် ကျဆုံး၊ သေဆုံး အရာရှိမိသားစုဝင်များကို ရည်စူး၍ စေတီတော် မြတ်ကြီးသို့ ရေငွေ့သုံးပန်ကာကြီး ၅ လုံး လှူဒါန်းကာ ဆရာတော် သံဃာတော်များအား ဆွမ်း၊ အအေး ၅ ရက်စာ၊ နဝကမ္မအလှူတော်ငွေများ အပါအဝင် စုစုပေါင်း အလှူတော်ငွေကျပ် ၅၃ သိန်းကို လှူဒါန်းကြသည်။
ယင်းနောက် အုန်းတောပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တအာသဘ ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)