ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နေပြည်တော်၊ ဧပြီ ၁၉

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နေပြည်တော် သံဃနာယကအဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဂေါပက အဖွဲ့ရုံး ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွား သရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ ဆရာတော်၊ သံဃာ တော်များထံ ဥပ္ပါတသန္တိသုတ် ပရိတ်တော် ကျမ်းမြတ်စာအုပ်များ၊ ပရိတ်ရေ၊ ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn