ဥပဒေကြောင်းနဲ့ ဆုတွေတောင်း

မြင်းမူသား

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတစ်ခုကို အသိပေးကြေညာချက် ထုတ်ပြန်ခဲ့တာ သတင်းစာ တွေထဲမှာ ဖတ်ရပါတယ်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်မှာ အဲဒီပါတီဟာ ရွေး ကောက်ပွဲတာဝန်ရှိသူများအပေါ် ခြိမ်းခြောက်ကာ ရွေးကောက်ပွဲလုပ်ငန်းကို နှောင့်ယှက်စော်ကားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာမှုမရှိတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ အသိပေးကြေညာချက်ထဲမှာ ဥပဒေတွေ၊ ပုဒ်မတွေ ဖော်ပြထားတာတွေ့ရတော့ တော်တော်စိတ်ဝင်စားသွားပါတယ်။

 

လေ့လာသုံးသပ်မိ

 

မြင်းမူသားကတော့ ၁၉၆၇ - ၆၈ ပညာသင်နှစ်က စပြီး ငါးနှစ်လုံးလုံး ရန်ကုန်တက္ကသိုလ်ဥပဒေပညာဌာန မှာ လေ့လာသင်ကြားခဲ့ရသူဆိုတော့ ဥပဒေပုဒ်မတွေ တွေ့ရင်လေ့လာပြီး ပညာယူတယ်။ ကိုယ့်မှာရှိတဲ့ ဥပဒေ အသိလေးနဲ့ တိုင်းတာသုံးသပ်တယ်။ မှန်၊ မမှန် ဝေဖန် တတ်တဲ့ အလေ့အကျင့်ရှိလေတော့ ကြေညာချက်တွေ အပေါ် ဉာဏ်မီသမျှ သုံးသပ်ကြည့်မိပါတယ်။ ဒါကြောင့် အသိပေးကြေညာခြင်းခံရတဲ့ ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာချက်အမှတ် (၅/၂၀၂၀) နဲ့ (၆/၂၀၂၀) ကို ဖတ်ပြီး ရေးသား ဖော်ပြချက်တွေမှာ ဥပဒေနဲ့ ညီ မညီ၊ မှန် မမှန်၊ ဟုတ် မဟုတ် လေ့လာသုံးသပ်မိပါတယ်။

 

ပါတီရဲ့ကြေညာချက်အမှတ် (၅) နဲ့ (၆) ဟာ အနှစ် သာရ ကွဲပြားမှုမရှိဘဲ အဓိကအချက်တွေ တူညီနေတာ တွေ့ရပါတယ်။ ထုတ်ပြန်ချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဇ)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ (၁၀) (ဍ) ပါ ဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်သောတာဝန်များကို ထမ်းဆောင် ရန် ပျက်ကွက်ခြင်းဖြစ်ပါသည်လို့ ဖော်ပြထားတာ တွေ့ရတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ (ဇ) ပြဋ္ဌာန်းချက် က ဥပ ဒေတစ်ရပ်ရပ်အရ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်းလို့ ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဍ) ကလည်း အခြေခံဥပဒေအတိုင်းပါပဲ၊ ဥပဒေတစ်ရပ်ရပ်ဆိုတာ ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အဓိကတိုက်ရိုက်သက်ဆိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင် ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်း ချက်များကို အလေးထားလိုက်နာရမှာ ဖြစ်ပါတယ်။ ကြေညာချက်ရဲ့ အဓိကဖော်ပြတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၉၉ (ဇ) ရဲ့ ပြဋ္ဌာန်းချက်ပဲ ဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဇ) အရ တာဝန် များ မထမ်းဆောင်ရင်တော့ ရာဇသတ်ကြီး ပုဒ်မ (၁၃၀) (က)ကို ကျူးလွန်တယ်လို့ သူတို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ဥပဒေကြောင်းအရ သုံးသပ်တင်ပြချင်တာ က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဇ) နဲ့ ရာဇသတ် ကြီး ပုဒ်မများအပေါ်မှာပဲ ပြောလိုပါတယ်။ ကြေညာချက် မှာ ရေးသားဖော်ပြချက်က ရာဇသတ်ကြီးမှာ ပုဒ်မ (၁၃၀) (က) လို့ တိတိကျကျ ရေးသားဖော်ပြထားတာ တွေ့ရပါ တယ်။ ရာဇသတ်ကြီးမှာ ပုဒ်မ (၁၃၀) (က) ဆိုတာမတွေ့ ပါဘူး၊ မရှိပါဘူး။ မူရင်းဥပဒေမှာ ၁၃၀ ကို ကွင်းစကွင်း ပိတ်နဲ့ ဖော်ပြပြီး မရေးပါ။ က အက္ခရာကိုလည်း ကွင်းစ ကွင်းပိတ်နဲ့ ဖော်ပြရေးသားထားတာ မတွေ့ရပါ။ မရှိပါ။ ဥပဒေပုဒ်မကို ကိုးကားဖော်ပြချင်တယ်ဆိုရင် မူရင်း ဥပဒေမှာ ရေးသားဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်သင့်ပါ တယ်။ ဒါမှလည်း သူ့ဥပဒေအတိုင်း အမှန်ဖြစ်မှာပေါ့။ မူရင်းဥပဒေမှာ ရေးသားဖော်ပြထားခြင်းမရှိဘဲ ပုဒ်မ တစ်ခုကို ပေါ့ပေါ့တန်တန် ရေးသားရန် မသင့်တော်ဘူးလို့ သဘော ရပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၁၃၀ မှာ ကွင်းစ ကွင်းပိတ် မရှိ၊ ၁၃၀ ရဲ့ နောက်မှာရှိတဲ့ က အက္ခရာမှာ လည်း ကွင်းစ ကွင်းပိတ်မပါ။ အမှန်မှာ ၁၃၀-က သာ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၃၉၉ ကိုလည်း ကွင်းစ ကွင်းပိတ်နဲ့ ရေးသားဖော်ပြထားပါတယ်။ စာသားများနဲ့ ဂဏန်းများရောထွေးနေမှာစိုးလို့ ရှင်းလင်းအောင် ဂဏန်းအရေအတွက်ကို ကွင်းခတ်မိသည်လို့ပဲ ယူဆမိ ပါတယ်။ မိမိထင်သလို ရေးသားဖော်ပြလို့မရပါ။ ဥပဒေ ရေးထုံးရေးနည်းကို ကြေညာချက်မှာ မှန်မှန်ကန်ကန် ဖော်ပြရေးသားဖို့ လိုပါတယ်။ အရေးကြီးပါတယ်။

 

ကြေညာချက်မှာ ရေးသားဖော်ပြတဲ့အတိုင်း ရာဇသတ်ကြီး ပုဒ်မ (၁၃၀) (က) ကို မသိလို့၊ အမှတ် မထားမိလို့၊ လွယ်လွယ်ရေးမိသည်ပဲထားပါဦး၊ ဥပဒေမှာ ပါရှိတဲ့ အမှန် ပုဒ်မ ၁၃၀-က ဟာ ၂၀၁၆ ခုနှစ်မှာ ရာဇသတ် ကြီးကို ပြင်ဆင်တဲ့ ဥပဒေပုဒ်မ ၆ နဲ့ ပြင်ဆင်ထားပါတယ်။ အဲဒီ ပြင်ဆင်ချက်ဥပဒေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ ဆိုတာမပါပါ။ ဖော်ပြထားခြင်းလည်း လုံးဝမရှိပါ။ ၃၉၉(ဇ)လို့လည်း ဖော်ပြပါရှိတာ မတွေ့ရပါ။ ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က မှာ ၃၉၉ (ဇ)ကို ထည့်သွင်းဖော်ပြမထားတဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဇ)အရ ပျက်ကွက်ပါက ရာဇသတ်ကြီးနဲ့ အရေးယူလို့မရပါ။ ပုဒ်မ ၁၃၀-ကနဲ့ ငြိစွန်းမှုမရှိပါဘဲနဲ့ ရာဇသတ်ကြီးပုဒ်မ (၁၃၀) (က) ကို ကျူးလွန်သည်လို့ ရေးသားပြောဆိုတာဟာ အများ ပြည်သူများ ဥပဒေလေ့လာသူ ကျောင်းသား ကျောင်းသူများ နဲ့ မြင်းမူသားတို့လို ဥပဒေဝါသနာရှင်များ အထင်မှား၊ အမြင်မှား၊ အမှတ်မှား၊ အသိမှားဖြစ်စေပါတယ်။ ဒီလိုပြောရ ခြင်းဟာလည်း အမှားများကို ထောက်ပြီးအပြစ်ရှာ၍ နစ်နာ စေလိုသော သဘောမဟုတ်ပါ။ လေ့လာမှတ်သားမိသမျှ အပေါ်တွင် အခြေခံပြီး ဥပဒေရေချိန်နှင့် တိုင်းတာပြခြင်းသာ ဖြစ်ပါတယ်။ ဘဘကြီးများ မိမိအောက်ခြေက ပုဂ္ဂိုလ်များကို ထောက်ပြ၍ လမ်းညွှန်မှုပေးနိုင်ရန်သာ ရည်ရွယ်ပါတယ်။ ပြုပြင်ပေးကြပါ ဘဘတို့။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဇ) နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဟာ လုံးဝ ဆက်စပ်မှု မရှိပါ။ သက်ဆိုင်မှုလည်း မရှိပါဘူးခင်ဗျ။

 

ထုတ်ပြန်ကြေညာချက်ထဲမှာ ရာဇသတ်ကြီး ပုဒ်မ သုံးမျိုးကို ကျူးလွန်တယ်လို့ ဖော်ပြထားတယ်ဗျ။ အထက် က ပြောခဲ့တဲ့ ပုဒ်မ (၁၃၀) (က) (ကြေညာချက်မှာ ဖော်ပြတဲ့ အတိုင်း) အပြင် ပုဒ်မ (၁၂၀) (က)နဲ့ ပုဒ်မ (၄၇၁) တို့ကိုပါ ကျူးလွန်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ရာဇသတ် ကြီးမှာတော့ ပုဒ်မ (၁၂၀) (က) နဲ့ ပုဒ်မ (၄၇၁) ကို ကွင်းစ ကွင်းပိတ်နဲ့ဖော်ပြရေးသားထားတာ မတွေ့ရပါ၊ မရှိပါ။ စာသားများနှင့် ရောထွေးနေမှာဖြစ်တဲ့အတွက်ကြောင့် ကွင်းစကွင်းပိတ်နဲ့ ထင်ရှားပေါ်လွင်အောင် ရေးရပါတယ်လို့ ဆိုလာပါက ဥပဒေပုဒ်မများနဲ့ပတ်သက်ပြီး ပေါ့ပေါ့ဆဆ ရေးချင်သလိုရေး၊ တွေးချင်သလိုတွေး၊ ထားချင် သလိုထား၊ ပွားချင်သလို ပွားလို့မရတာကို သတိပြုသင့်ပါတယ်။ တခြား ဂဏန်းအရေအတွက်များဆိုရင်တော့ မိမိဆန္ဒအတိုင်း ကြိုက်သလိုရေးသားလို့ ရပါလိမ့်မယ်။ အခုဟာက ပြဋ္ဌာန်းဥပဒေရဲ့ ပုဒ်မကိစ္စဖြစ်လို့ တိကျမှန်ကန်ရပါမယ်။

 

ရာဇသတ်ကြီးပုဒ်မ (၁၂၀) (က) ဆိုတာ မရှိပါ၊ မတွေ့ပါ၊ အမှန်က ၁၂၀-က ဖြစ်ပါတယ်။ ဒီပုဒ်မ မှာက လူနှစ်ယောက် သို့မဟုတ် လူနှစ်ယောက်ထက်ပိုသောသူများက ဥပဒေနှင့် မညီသော ပြုလုပ်မှုနဲ့ ဥပဒေနှင့်မညီသော နည်းနဲ့ပြုလုပ်ရင် ရာဇဝတ်မကင်းတဲ့ ပူးပေါင်းကြံစည်မှုလို့ ရေးသားဖော်ပြ ထားပါတယ်။ ကြေညာချက်အပိုဒ် ၉ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများသည်လို့ ဖော်ပြထား တော့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ တာဝန်ယူကြသူ အားလုံးကို ရည်ရွယ်တယ်လို့ သဘောပေါက်ပါတယ်။ သူတို့ အားလုံးက ဥပဒေနဲ့မညီတဲ့ ပြုလုပ်မှုကို ပြုလုပ်တယ်လို့ ဖော်ပြထားပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးနဲ့ ပတ်သက်သမျှ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနဲ့အညီ ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးနဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီး ချင်းနိုင်ငံအများအပြား၊ ပြည်တွင်း ပြည်ပရွေးကောက် ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက ဂုဏ်ပြုပြီး အသိအမှတ်ပြုကြတာ တွေ့ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ကြတာဟာ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ကြတာလို့ ပြောရ မှာပါ။

 

အလှမ်းဝေးတဲ့ကိစ္စ

 

နောက်ပုဒ်မတစ်ခုကတော့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြတဲ့ (၄၇၁) ပါ။ ဒီပုဒ်မကိုလည်း ကွင်းစ ကွင်းပိတ်နဲ့ရေးသားထားတာ တွေ့ရပြန်ပါတယ်။ အမှန် ပုဒ်မကွင်းမခတ်ဘဲ ရေးသားဖော်ပြထားတာက ၄၇၁ ပါ။ လိမ်လည် အတုပြုလုပ်ထားတဲ့ စာတမ်းအမှတ်အသားကို အစစ်အမှန်အနေနဲ့ အသုံးပြုတဲ့ကိစ္စပါ၊ သူတို့က ဆန္ဒမဲ လက်မှတ်တွေကို လိမ်လည်ပြီး အတုပြုလုပ်ထားတယ်လို့ ပြောချင်တာပေါ့။ သူတို့ ကြေညာချက်အမှတ် (၆/၂၀၂၀) မှာ အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်များကို မဲပုံး ထဲသို့ ထည့်သွင်းခြင်းလို့ ရေးသားထားတာတွေ့ရပါတယ်။ ကော်မရှင်နဲ့ ကော်မရှင်အဖွဲ့ခွဲအသီးသီးက တာဝန်ရှိသူများ ကတော့ ရွာတွေမှာရှိတဲ့ မဲပုံးတွေထဲကို ဆန္ဒမဲလက်မှတ် အတုတွေ ယူသွားပြီး ထည့်တယ်ဆိုတာတော့ ဖြစ်နိုင် မယ်မထင်ပါ။ မဲစာရင်းမှာအမည်မပါရင်တော့ ဘယ်လိုမှ မဲပေးလို့ မရနိုင်ပါ။ ဒါကလည်း တော်တော် အလှမ်းဝေးတဲ့ ကိစ္စလို့ ထင်ပါတယ်။

 

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများရဲ့အခန်း (၁၃)၊ ပုဒ်မ ၅၉ (ည) မှာ အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်တစ်ခုခုကိုဖြစ်စေ၊ အများကိုဖြစ်စေ၊ မဲပုံး အတွင်းသို့ ထည့်သွင်းခြင်း၊ အားပေးကူညီခြင်း ထင်ရှားပါ က တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ရဲအရေးပိုင်တဲ့အမှုပါ၊ သက်ဆိုင်ရာ ရဲစခန်းကို တိုင်လို့ရပါ တယ်၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့ကစပြီး ၁၅ ရက်အတွင်း တိုင်နိုင်ပါတယ်လို့ ဥပဒေက ဖော်ပြပြီးသားပါ။ ကြေညာ ချက်ထုတ်ပြန်တဲ့ နိုဝင်ဘာ ၆ ရက်၊ ၉ ရက်နေ့ ဆိုတော့ ရွေးကောက်ပွဲမကျင်းပမီနဲ့ ကျင်းပပြီး ကျင်းပတဲ့ နေ့ကနေ ၁၅ ရက်အတွင်း တိုင်လို့ရပါတယ်။ ဥပဒေက အခွင့်အရေး ပေးထားတာပါ။ လိမ်တိုင်ရင်တော့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၄ အရ ထောင် သုံးနှစ်၊ ဒါမှမဟုတ် ငွေဒဏ် သုံးသိန်းနဲ့ ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်ပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အသိပေး ကြေညာခြင်းခံရတဲ့ ပါတီအပါအဝင် စုစုပေါင်း ၆ ပါတီက သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာမှာ အသီးသီးယှဉ်ပြိုင်ခဲ့ကြရာမှာ ကြေညာချက်ထုတ်ပြန်တဲ့ပါတီက လွဲပြီး ကျန်ပါတီများက သူတို့ပြောသလို အတုပြုလုပ်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေ ကို မဲပုံးထဲ ထည့်သွင်းတယ်လို့ စွပ်စွဲပြောဆို ကန့်ကွက် ကြတာမရှိတာကို စုံစမ်းသိရပြန်ပါတယ်။ ကြေညာချက် ထုတ်ပြန်တဲ့ ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ တစ်ထောင့်သုံးရာကျော်ရပြီး ထိပ်ဆုံး က အနိုင်ရသူကတော့ ခိုင်လုံမဲ တစ်သိန်းခြောက်ထောင် ကျော် ရရှိခဲ့ကြတယ်လို့ စုံစမ်းသိရပါတယ်။ ခိုင်လုံမဲ အသီးသီးဟာ ဆန္ဒမဲလက်မှတ်အတု မဟုတ်တာတော့ သေချာပါတယ်။

 

နောက်တစ်ချက်က ဥပဒေအကြောင်းအရ မျှဝေ စရာလေးတစ်ခု ကျန်ပါသေးတယ်၊ အားလုံးသိရှိ လေ့လာနိုင်အောင်ပေါ့နော်။ သူတို့ ရေးသားဖော်ပြ ကိုးကားတဲ့ ရာဇသတ်ကြီးဆိုတာက ၁၈၆၁ ခုနှစ်၊ မေလ (၁) ရက်နေ့မှာ အိန္ဒိယနိုင်ငံတစ်ဝန်းလုံးမှာ စတင် အာဏာတည်ခဲ့ပြီး မြန်မာနိုင်ငံဟာ အင်္ဂလိပ် လက်အောက် ကျရောက်တော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ကာ ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ရှမ်းပြည်နယ်မှအပ မြန်မာနိုင်ငံတစ်ဝန်း မှာ အာဏာတည်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ အတည် ဖြစ်ခဲ့တဲ့ ရာဇသတ်ကြီးဟာ ယေဘုယျဥပဒေပါ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေများဟာ အထူး ဥပဒေများလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာတည်နေတဲ့ စကားရပ်များအနက် အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) မှာက အထူး ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ် သည် ယေဘုယျဥပဒေတစ်ရပ်ရပ်တွင် ပါရှိသော သက်ဆိုင်ရာပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည် ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ပုဒ်မခွဲ (ဆ)မှာ ရှေးဦးကျသော ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်နှင့် နောက်ကျသော ဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ် ကွဲလွဲဆန့်ကျင်နေပါက နောက်ကျ သော ဥပဒေပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်လို့ ပြဋ္ဌာန်းထားတာတွေကို သိဖို့လိုပါလိမ့်မယ်။ ဒါဆိုရင် အင်္ဂလိပ် လက်အောက်ကျရောက်စဉ်က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးနဲ့ ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းတဲ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို နှိုင်းယှဉ်ကြည့် ရင် ယေဘုယျ စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆို ရေးဥပဒေအရ ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ကို အထူး ဥပဒေပြဋ္ဌာန်းချက်က လွှမ်းမိုးတယ်၊ အထူးဥပဒေဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေများရဲ့ ပြဋ္ဌာန်းချက်များဟာ ရာဇသတ်ကြီး ပြဋ္ဌာန်းချက်ကို လွှမ်းမိုးကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများရဲ့ ပုဒ်မ ၈၆ ကို အမှန်အကန် အတိအကျ၊ အမိအရ၊ အဓိက လိုက်နာရမှာက တော့ မလွဲဧကန် အမှန်ပါပဲဗျာ။

 

ဖော်ပြကြေညာခဲ့

 

သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၆ မှာက ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲနဲ့ ရွေးကောက်ပွဲခုံအဖွဲ့တို့ရဲ့ ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်း ချက်များအရ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက် များနှင့် စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မှ စစ်ဆေး ပိုင်ခွင့် မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက် ဟာ ဥပဒေ သဘောအရ တရားရုံးများရဲ့ စီရင်ပိုင်ခွင့်ကို ကန့်သတ်ထားတာဖြစ်ပါတယ်။ တရားရုံးများအနေနဲ့ စစ် ဆေး၊ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ သဘောသက်ရောက်စေ ပါတယ်။ သူတို့ကြေညာချက်မှာက ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများနဲ့ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အမှုဖွင့် တရားစွဲဆို သွားမယ်လို့ ခြိမ်းခြောက်တဲ့သဘော ဖော်ပြ ထားတာတွေ့ရပါတယ်။ အမှုဖွင့်တရားစွဲဆိုသွားမယ် လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခြိမ်းခြောက် တယ်လို့ ဖော်ပြကြေညာခဲ့တာ ဖြစ်ပါတယ်။

 

စာရေးသူအနေနဲ့ကတော့ သက်ဆိုင်ရာပါတီရဲ့ ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၀) နဲ့ (၆/၂၀၂၀) မှာ ရေးသားဖော်ပြထားတဲ့ ဥပဒေပုဒ်မများအပေါ်မှာပဲ တည်ဆဲဥပဒေရေချိန်များနှင့် တိုင်းတာချိန်ထိုး ရေးသား ရခြင်းဖြစ်ပါတယ်။ ကြေညာချက်မှာ ရေးသားဖော်ပြထား တဲ့ ဥပဒေပုဒ်မများအပေါ် မိမိလေ့လာ သိရှိရသလောက် သာ မျှဝေခြင်းဖြစ်ပါတယ်။ မသိသူတို့ သတိမူဖို့ သက်သက်ပါ။ ဥပဒေပုဒ်မများနဲ့ ပတ်သက်ပြီး မှားယွင်း တိမ်းစောင်းတာရှိပါက ပြန်လည်မျှဝေရေးသားချက် များအပေါ် လက်ကမ်းကြိုဆိုကာ ဆုတောင်းပေးလိုက် ပါတယ်။ ။

 

i လူ့ပြည်တစ်ခွင် ဥပဒေအမြင် ကြည်လင် ပါစေ။

i ဥပဒေကို လက်တစ်လုံးကြား ပျက်သုဉ်းသွား အောင် မပြုမိကြပါစေနဲ့။

i ဥပဒေရေချိန် မြင့်မားကြပါစေ။

i ဥပဒေရေတိမ် နစ်မသွားကြပါစေနဲ့။

i ဥပဒေရေချိန် တိုးတက်မြင့်မား၍ မျိုးဆက် ဆင့်ပွားပေးနိုင်ကြပါစေ။

i ဥပဒေရေးရာအဖြာဖြာ၊ အသေအချာ လေ့လာနိုင်ပါစေ။

i ပြည်သူ့မနော၊ ပြည်သူ့သဘော စောကြော သိပါစေ။