ဥပဒေ၏ ရည်ရွယ်ချက်များ အထမြောက် အောင်မြင်ရေး

နေပြည်တော် ၉ စက်တင်ဘာ 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ်က လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်တော့မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည့် အဆိုပါဥပဒေသစ်ကို ကျင့်သုံးရန်ရက်သတ္တပတ်အနည်းငယ်မျှသာ လိုတော့သည့်အလျောက် ရန်ကုန်မြို့နေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိရန်နှင့် လိုက်နာနိုင်ကြရန်အတွက် အသိပညာပေးလုပ်ငန်းများကို ခïdင်အလိုက် ဆောင်ရွက်လျက်ရှိနေသည်။

 

ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီဆိုပါက ပြည်သူတိုင်းသိရန်၊ နားလည်ရန် လိုအပ်သည်။ ဥပဒေကို သိနားလည်ပြီး လိုက်နာကျင့်သုံးကြရမည်။ ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ကို ပြည်သူက မသိနားမလည်၊ လိုက်နာခြင်းမရှိပါက ဥပဒေရေးဆွဲပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်တို့ အဟောသိကံ ဖြစ်သည်။ သို့ဖြစ်စေကာမူ ပြည်သူတိုင်းက မဖြစ်မနေ သိရှိထားရမည့် အချက်မှာ “ဥပဒေကို မသိနားမလည်၍ ကျူးလွန်မိပါသည်ဆိုမျှဖြင့် ပြစ်ဒဏ်မှ လွတ်ကင်းခြင်းမရှိနိုင်”သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ဥပဒေကို လူတိုင်းသိရှိနားလည်ရန် အားထုတ်သင့်သလို လေးစားလိုက်နာ ကြရန်လည်းလိုအပ်သည်။

 

ဥပဒေဟူသည် လူ့အဖွဲ့အစည်း၏ ကောင်းရာကောင်းကျိုးအတွက် ရည်ရွယ်၍ ရေးဆွဲပြဋ္ဌာန်းသော စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် တစ်မျိုးပင်ဖြစ်သည်။ ပြဋ္ဌာန်းထားသည့် ဥပဒေကို လိုက်နာခြင်း မရှိပါက အရေးယူခြင်း၊ ပြစ်ဒဏ်တစ်မျိုးမျိုးချမှတ်ခြင်းတို့ ခံရမည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဥပဒေသစ်တွင် တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များပါရှိရာ ပြစ်မှုအလိုက် ငွေဒဏ်၊ ထောင်ဒဏ် များလည်း ပါရှိသည်။ ပြစ်မှုအလိုက် အနိမ့်ဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှသည် ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရမည့် ပြစ်ဒဏ်များ၊ အနိမ့်ဆုံးထောင်ဒဏ်သုံးလမှသည် တစ်နှစ်အထိ ကျခံရနိုင်သည့်ပြစ်ဒဏ်များ၊ ငွေဒဏ်ရော ထောင်ဒဏ်ပါ နှစ်ရပ်စလုံးချမှတ်နိုင်သည့် ပြစ်ဒဏ်များ ပါရှိနေရာ အထူးဂရုပြုကြဖွယ်ရာပင်ဖြစ်သည်။

 

ရန်ကုန်မြို့တော်သူ မြို့တော်သားတို့ အလွယ်တကူ(စည်းကမ်းမဲ့စွာ) ပြုမူနေကြသည့် အလေ့အထတို့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်အရ ငွေဒဏ်ထောင်ဒဏ်တို့ ချမှတ်ခံရနိုင်သည့် ပြစ်မှုကျူးလွန်မှုများ ဖြစ်လာသည်။ ဥပမာ အများပြည်သူဆိုင်ရာနေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်း၊ အိမ်မွေးတိရစ္ဆာန်အညစ်အကြေးများ စွန့်ပစ်ခြင်းကဲ့သို့သော ပြစ်မှုများအတွက် ပြစ်ဒဏ်မှာ ကျပ် ၃၀ဝ၀ဝ မှ ကျပ် ၅၀ဝ၀ဝ အထိ ငွေဒဏ်ဖြစ်သည့်အတွက် ကွမ်းတံတွေး လွယ်လွယ်ထွေးလေ့ရှိသူများ သတိမူဖွယ်ပင်ဖြစ်သည်။ မိမိစွန့်ပစ်သည့် အမှိုက်အမျိုးအစားကို မိမိသိရန်လိုအပ်ပြီး သတ်မှတ်ချက်ညွှန်ကြားချက်များအတိုင်း အမှိုက်စွန့်ပစ်ကြရန်နှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက ငွေဒဏ်မှာ ကျပ် ၅၀ဝ၀ဝ မှသည် ကျပ် ၃၀ဝ၀ဝ၀ အထိ ပြစ်ဒဏ်ခံရနိုင်သည်။ အထပ်အလွှာ တိုက်ခန်းများတွင် နေထိုင်ပြီး ရေမြောင်းအတွင်း၊ နောက်ဖေးလမ်းကြားအတွင်း၊ အိမ်ရှေ့လမ်းပေါ်စသည်ဖြင့် အမှိုက်များ နည်းအမျိုးမျိုးဖြင့် စွန့်ပစ်ပါကလည်း ငွေဒဏ်သို့မဟုတ် ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်သည်ကို သိရှိနားလည်ထားကြရန် လိုအပ်သည်။ ထို့ပြင် လမ်းဘေးရေမြောင်းကြီးငယ်များထဲသို့ အမှိုက်ပစ်လေ့ရှိသူများအနေဖြင့်လည်း မိမိတို့ ယခင်ကတည်းက အလွယ်တကူပြုမူလေ့ရှိသော အကျင့်တို့သည် ဥပဒေသစ်အရ ပြစ်မှုကျူးလွန်ခြင်းများ ဖြစ်နေပြီဆိုသည်ကို သတိပြု၍ အကျင့်ဟောင်းကို စွန့်ကြရန် လိုအပ်သည်။

 

ဥပဒေ၏ ရည်ရွယ်ချက်များအရ မြို့တော်ကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ မြို့နေလူထု၏ လူနေမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာစေရန်၊ နိုင်ငံတကာမြို့တော်ကြီးများကဲ့သို့ သန့်ရှင်းသာယာလှပ၍ နေချင့်စဖွယ်မြို့တော်ကြီး ဖြစ်လာအောင် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် မြို့နေလူထုမှ ပါဝင်ကူညီဆောင်ရွက်လာကြစေရန် စသည့်ရည်ရွယ်ချက်များ ပါရှိသည့်အလျောက် ဥပဒေ၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ပြီး နိုင်ငံတကာအဆင့်မီ မြို့တော်သူ မြို့တော်သားများအဖြစ် ဂုဏ်ယူနိုင်ကြစေရေးအတွက် ဥပဒေကိုလည်း လေ့လာ၊ နားလည်ရန်လည်းကြိုးပမ်း၊ ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာကြရေးအတွက် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

 

မြန်မာ့အလင်း