UNFCအဆိုပြုထားသည့်အချက်များအနက် သဘောတူရန်ကျန်ရှိနေသည့် အချက်များကို ဆွေးနွေးရာ ရလဒ်ကောင်းများ ထွက်ပေါ်၊ နှစ်ဖက် ခေါင်းဆောင်များထံ တင်ပြပြီး ဆက်လက်ဆွေးနွေးမည်

ရန်ကုန် နိုဝင်ဘာ ၉

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့၏ သတ္တမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်း ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ဆက်လက်ကျင်းပသည်။

အဆိုပါ အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပရာတွင် ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC)က ဖွဲ့စည်း ထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရထံသို့ အဆိုပြုထားသည့် အချက်ကိုးချက်အနက် သဘောတူရန် ကျန်ရှိနေသည့် အချက်များနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ရာတွင် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ တပ်နေရာချထားမှုများ၊ ကြားကာလ ဆောင်ရွက်ချက်ကိစ္စများ၊ နိုင်ငံခြားသား ပါဝင်မှုအခန်းကဏ္ဍကိစ္စများနှင့် ပတ်သက်သည့် JMC လုပ်ငန်းကိစ္စများ၊ NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စများနှင့် အထွေထွေကိစ္စရပ်များကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြရာ ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် သတ္တမအကြိမ်မြောက် အစည်းအဝေးများနှင့် ပတ်သက်၍ နောက်ဆုံးရလဒ်များအပေါ် ငြိမ်းချမ်းရေးကော်မရှင် (PC) ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်ဌေးက '' PC နဲ့ DPN တို့ နှစ်ရက်တာ ဆွေးနွေးခဲ့တဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်းနဲ့ အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါ တယ်၊ မနေ့ကဆိုရင် အထူးသဖြင့် စစ်ဘက်ဆိုင်ရာကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်၊ အခု ကျွန်တော်တို့ တော်တော်များများကို ဆွေးနွေးနိုင်ခဲ့တယ်၊ အခြေအနေပြောရရင်တော့ နှစ်ဖက်လုံးက မျှော်မှန်းတဲ့အတိုင်း တော်တော်လေးကို နီးစပ်လာတယ်၊ ကျွန်တော်တို့ နောက်ထပ် အပြီးသတ်ဆွေးနွေးရမယ့်အချက် သိပ်မများတော့ပါဘူး၊ တစ်ချက်လောက်ပဲ ကျန်တော့တယ်၊ ကျန်တဲ့ဟာကို ကျွန်တော်တို့ဆက်ပြီး ဆွေးနွေးသွားမှာပါ၊ အပြီးသတ်ဆွေးနွေးမယ် ဆိုတာကတော့ အခုရရှိထားတဲ့ ဆွေးနွေးချက်ရလဒ်တွေကို နှစ်ဖက်ခေါင်းဆောင်တွေထံ ပြန်လည်တင်ပြရဦးမှာ ဖြစ်တယ်၊ ဘယ်အချက် တစ်ချက်သာ ကျန်တော့တယ်၊ ဘယ်အကြောင်းရာဆိုတာကိုတော့ အခု အခြေအနေမှာ ပြောလို့မရသေးပါဘူး၊ နှစ်ဖက်ခေါင်းဆောင်တွေဆီ ပြန်တင်ပြပြီး နောက်တစ်ကြိမ် တွေ့ဆုံပြီး အပြီးသတ်ဆွေးနွေးဖို့ပဲ ကျန်ပါတော့တယ်၊ ဆွေးနွေးမှုတွေဟာ ပန်းဝင်တော့မယ့် အချိန်လို့တော့ ပြောရမှာပါ၊ ဒီအပြီးသတ် ဆွေးနွေးမှုကိုတော့ ယခု နိုဝင်ဘာလရဲ့ ရက်သတ္တတစ်ပတ် နှစ်ပတ်အတွင်း ပဲ ဖြစ်မှာပါ''ဟု မီဒီယာများကို ပြောကြားသည်။

အလားတူ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောကြားရာတွင် ''ဆွေးနွေးမှုတွေက ပြောရရင် ပွင့်ပွင့်လင်းလင်းရှိပါတယ်၊ ကျွန်တော်တို့ကတော့ အသုံးအနှုန်းလေးတွေ၊ ဝေါဟာရလေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ်၊ သဘောတူဖို့ လည်းရှိပါတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ နှစ်ဖက်သက်ဆိုင်ရာ ခေါင်းဆောင်တွေ ကိုလည်း ပြန်လည်တင်ပြဖို့ ရှိပါတယ်၊ အဲဒီအခါကျမှပဲ ကျွန်တော်တို့အနေနဲ့ နောက်ဆုံး အဆုံး သတ်ဖို့ရှိပါတယ်၊ လောလောဆယ်မှာတော့ ပြောစရာမရှိပါဘူး၊ ဆွေးနွေးမှုပုံစံတွေကတော့ အားလုံး ကောင်းကောင်း မွန်မွန်ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ တင်ပြချက်ရှစ်ချက်နဲ့ ပတ်သက်လို့ အခုကတော့ နောက်ဆုံးအခြေအနေကို ရောက်ဖို့နီးနေပါပြီ၊ အဆိုပြုချက် အချက်နံပါတ် ၅ နဲ့ ပတ်သက်တဲ့ တပ်ပိုင်းဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာကိစ္စတွေကိုလည်း အသေးစိတ်ဆွေးနွေးပြီး ဖြစ်ပါတယ်၊ ရှေ့ဆက်ပြီး ဘယ်လိုသွားမယ်ဆိုတာလည်း ဆွေးနွေးပွဲကနေချမှတ်ပြီး ဖြစ်ပါတယ်၊ ဒီအပိုင်းတွေရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ နောက်ဆုံးဆွေးနွေးမှုတွေရဲ့ အဆုံးသတ်မှာ ဘယ်လိုဆိုတာ ပြောပြလို့ရမှာပါ၊ ဆွေးနွေးချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေဆီ ပြန်တင်ပြပြီးရင် NCA လက်မှတ်ရေးထိုးနိုင်မယ်လို့တော့ နားလည်ယုံကြည်ထားပါတယ်''ဟု ပြောကြားသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်(PC) ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်ဌေးနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ ခေါင်းဆောင် ခူဦးရယ်တို့က မီဒီယာများ၏ သိရှိလို သည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ယခု အစည်းအဝေးမှ ဆွေးနွေးမှုရလဒ်များကို နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး ယခုလအတွင်း အပြီးသတ်ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ သတ္တမအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲများကို အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လည်းကောင်း၊ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင်လည်းကောင်း စုစုပေါင်း လေးရက်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့သည် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC အဆိုပြုထားသော အချက်ကိုးချက်အား နှစ်ဖက်ခေါင်းဆောင်များအကြား ၁၅ လကျော်ကြာ ကာလ အတွင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ယခု နှစ်ဖက်ခေါင်းဆောင်များ၏ သတ္တမအကြိမ် လေးရက်ကြာ တွေ့ဆုံဆွေးနွေးပွဲများ၏ နောက်ဆုံးရလဒ်များသည် ယခင် တွေ့ဆုံဆွေးနွေးမှုများနှင့် နှိုင်းယှဉ်လျှင် ရလဒ်ကောင်းများ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ရရှိထားသော ရလဒ်ကောင်းများအား သက်ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များထံ အသိပေးတင်ပြကာ ဆုံးဖြတ်ချက်အသီးသီး ရယူပြီးသည်နှင့် နောက်ဆုံးအပြီးသတ် ဆွေးနွေးမှုကို ယခုလအတွင်း ကျင်းပသွားရန်စီစဉ်ထားကြောင်း သိရသည်။

ထိုမှတစ်ဆင့် အဆိုပြုချက်ရှစ်ချက်အား သဘောတူညီမှုရရှိလျှင် အချက်နံပါတ် ကိုးဖြစ်သော NCA လက်မှတ်ရေးထိုးနိုင်ရေးကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)\၏ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ (EAOs)များမှ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ တပ်မတော် သားကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဦးနိုင်ငံလင်းနှင့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ၊ DPNမှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးနှင့် အဖွဲ့ဝင်များ၊ လေ့လာသူများအဖြစ် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း၊ ရဲဘော်သံခဲတို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျိုးဆောင်အဖွဲ့များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။ 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး