UEHRD လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များအား လုပ်ငန်းခွင်အကြိုသင်တန်း ပို့ချမှုအပေါ် တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ခံယူချက်နှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များအား နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် လုပ်ငန်းခွင်အကြိုသင်တန်း ပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ စေတနာ့ဝန်ထမ်းလူငယ် ၈၃ ဦး တက်ရောက်လျက်ရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြင်ပမှ ဘာသာရပ်ဆိုင်ရာ စေတနာ့ဝန်ထမ်းများက သင်တန်းပို့ချပေးလျက်ရှိသည်။

သင်တန်းပို့ချမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ခံယူချက်နှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းထားသည်။ 

ဒေါက်တာ စန်းစန်းအေး 
(ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန)

mdn

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) လုပ်ငန်းစဉ်ဟာ ပြည်ထောင်စုစီမံကိန်းဖြစ်ပြီး နိုင်ငံတစ်ဝန်းက လူငယ်တွေပါဝင်ပါတယ်။ ပြည်သူ့အတွက် လူငယ့် ရက် ၂ဝ လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရဝန်ကြီးဌာနတွေ၊ ရခိုင်ပြည်နယ်အစိုးရ၊ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ အလှူရှင်တွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့၊ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူလူထု အခြေပြုစေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ၊ ရက် ၂ဝ စေတနာ့ ဝန်ထမ်းဆောင်ရွက်မယ့် နိုင်ငံတစ်ဝန်းက လူငယ်တွေအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စေတနာ့ဝန်ထမ်း လုပ်ငန်းဆောင်ရွက်မယ့် လူငယ်တွေအနေနဲ့ စေတနာ့ဝန်ထမ်းဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေကို သိရှိနားလည်ပြီး စနစ်တကျဆောင်ရွက်နိုင်ဖို့ လူငယ်ထုရဲ့ စိတ်ဓာတ်နဲ့အင်အားကို နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့မှာ တစ်တပ်တစ်အား ပါဝင်လာစေဖို့ အခုလို သင်တန်းပို့ချရခြင်း ဖြစ်ပါတယ်။ 

သင်တန်းသား၊ သင်တန်းသူ ရွေးချယ်မှု အပိုင်းအနေနဲ့ ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၁၈ နှစ်က ၃၅ နှစ်အတွင်းရှိတဲ့ မြန်မာနိုင်ငံသား လူငယ်တွေအားလုံးကို မိမိသဘောဆန္ဒအရ လျှောက်လွှာခေါ်ယူပြီး ရွေးချယ်ခဲ့တာပါ။ သင်တန်းပြီးသွားရင် သင်တန်းသား၊ သင်တန်းသူတွေကို ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ နှစ်ဖွဲ့ခွဲပြီး လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတွေက ဝန်ထမ်းတွေနဲ့အတူ ကိန်းဂဏန်း အချက်အလက်ကောက်ယူမှုတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ဖြန့်ဝေမှုလုပ်ငန်းတွေ၊ အကူအညီ လိုအပ်တဲ့သူတွေကို သက်ဆိုင်ရာသို့ ညွှန်းပို့ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ ဒီသင်တန်းကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အခုလို သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်သွားပြီး အကူအညီလိုအပ်နေတဲ့ ကျေးရွာတွေအရောက် အကူအညီတွေပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးကျော်လင်းထင် (သင်တန်းတာဝန်ခံ)

mdn

သင်တန်းကာလသုံးရက်တာ သင်ကြားတဲ့အခါမှာ ကိန်းဂဏန်း အချက်အလက်များကောက်ယူခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များဖြန့်ဝေခြင်း၊ အကူအညီ လိုအပ်သူများအား သက်ဆိုင်ရာသို့ ညွှန်းပို့ပေးခြင်းစတဲ့ အဓိက အချက်သုံးချက်ကိုအခြေခံပြီး ပို့ချပေးတာပါ။ ပထမ အချက်အနေနဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေဟာ ကျေးရွာအဆင့်အထိ ကွင်းဆင်းပြီးတော့ အကူအညီပေးတဲ့အခါမှာ ကိန်းဂဏန်း အချက်အလက်ကောက်ယူတဲ့ကိစ္စ၊ အဲဒီအပေါ်ကို အခြေခံပြီးတော့ သင်တန်းမှာ ဒါကို အထောက်အကူပြုမယ့် ဘာသာရပ်တွေကို ပို့ချပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ တကယ့် လက်တွေ့ အကူအညီ လိုအပ်နေတဲ့သူတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေတဲ့အခါမှာ သူတို့အနေနဲ့ လက်တွေ့ကျကျ မှန်မှန်ကန်ကန် ဖြန့်ဝေနိုင်ဖို့ဆိုတဲ့ အချက်တွေကို အခြေခံပြီး ဘာသာရပ်ဆိုင်ရာသင်ကြားမှုတွေကို ပို့ချပေးပါတယ်။ တတိယအချက် အနေနဲ့ကတော့ သူတို့ မလုပ်နိုင်တဲ့ ကိစ္စရပ်တစ်ခုကို သူတို့ကွင်းဆင်းဆောင်ရွက်ရင်းနဲ့ တွေ့တဲ့ အခါမှာ လုပ်နိုင်တဲ့သူတွေနဲ့ ဘယ်လို လွှဲပြောင်းချိတ်ဆက် ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ကိစ္စရပ်တွေကို သင်ကြားပေးတာပါ။ 

အဲဒီမှာ တချို့ အပိုင်းတွေကတော့ သူတို့အနေနဲ့ ဗဟုသုတအဖြစ် သိထားဖို့လိုအပ်တဲ့ အပိုင်းတွေပါတယ်။ တချို့အပိုင်းတွေကတော့ မြေပြင်မှာ တကယ့်ကို ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွမ်းကျင်မှုရှိဖို့လိုတဲ့ အပိုင်းတွေပါပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ စာတွေ့နဲ့ လက်တွေ နှစ်မျိုးလုံးပို့ချပေးနေပါတယ်။ နောက်ထပ်ကျန်တဲ့ အပိုင်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုပြုမူ နေထိုင်ရမယ်ဆိုတာမျိုးတွေ၊ စေတနာ့ဝန်ထမ်းလုပ် တဲ့အခါမှာ သိထားရမယ့်မူတွေ၊ ဆောင်ရန် ရှောင်ရန်တွေ၊ အရေးပေါ် ရှေးဦးသူနာ ပြုစုနည်းတွေကို ဥပမာတွေနဲ့တကွ ဆွေးနွေးပို့ချတာတွေ ရှိပါတယ်။ သင်တန်းသား၊ သင်တန်းသူ တွေအနေနဲ့လည်း သင်တန်းပို့ချမှုအပေါ် စိတ်ပါဝင်စားစွာ လေ့လာမှတ်သားပြီး ပြန်လည်ဆွေးနွေးတာကို တွေ့ရပါတယ်။ 

သင်တန်းသူ မထူးထက်နိုင်

mdn

နိုင်ငံတော် အစိုးရရဲ့ (UEHRD) စီမံကိန်းမှာ လူငယ်တစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင် အားဖြည့်သင့်တယ်ထင်လို့ အခုလိုပါဝင်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းကနေ မြေပြင်မှာ အချက်အလက်တွေ ဘယ်လိုကောက်ခံမယ်၊ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ရိက္ခာတွေ ရောက်ရှိအောင် ဘယ်လို ထိထိရောက်ရောက် လုပ်ဆောင်မယ်ဆိုတဲ့ စီမံခန့်ခွဲမှုတွေကို သင်ကြားရပါတယ်။ နောက်တစ်ခုက ပဋိပက္ခ ဖြစ်နေတဲ့နေရာ ဒေသတစ်ခုကိုသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်တော့မယ်ဆိုရင် လူငယ်တွေအနေနဲ့ ဆောင်သင့်၊ ရှောင်သင့်တာတွေကို သင်ရပါတယ်။ ဒီက သင်ကြားလိုက်တဲ့ သင်ခန်းစာတွေက မြေပြင်မှာ အများကြီး အကျိုးရှိမှာပါ။ ဒီသင်တန်းဟာ အစိုးရရဲ့ (UEHRD)စီမံကိန်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အများကြီး ဆက်လုပ်သွားမယ်ဆိုတာ ကိုသိရတယ်။ အစိုးရသစ်လက်ထက်မှာ ပဋိပက္ခဖြစ်စဉ်ကို ငြိမ်းချမ်းရေး အသွင်ဖြစ်လာအောင်လို့ အခုလို အကုန်လုံး ပူးပေါင်းပါဝင်ခွင့်ရတဲ့ ပထမဆုံးအကြိမ်မှာ တက်ရောက် ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြည်သူတွေအတွက်လည်း အားတက်စရာ တစ်ခုဖြစ်လိမ့်မယ်လို့ ခံစားမိပါတယ်။ 

သင်တန်းသူ မနှင်းယုရွှေ

mdn

ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အခုလို အစီအစဉ်ရှိတယ်ဆို ကတည်းကပါဝင်ဖို့ အသင့်ရှိနေတာပါ။ ရခိုင်ဒေသအရေးဟာ တစ်နိုင်ငံလုံးရဲ့ အရေးကိစ္စဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ပါဝင်သင့်တယ်လို့ ခံစားမိတာကြောင့် အခုလို ပါဝင်ဆောင်ရွက်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းက အများကြီး အကျိုးရှိပါတယ်။ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေက လက်တွေ့နဲ့စာတွေ့တွေ အများကြီး သင်ကြားပေးတယ်။ တကယ့် မြေပြင်ရောက်သွားတဲ့အချိန်မှာ အရေးကြီးတဲ့ရှောင်ရန်၊ ဆောင်ရန်တွေက အစအကုန်လုံးသင်ကြားပေးပါတယ်။ ဒီသင်တန်းကနေရလာတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ အရင်တုန်းက သိရှိထားတဲ့ ဗဟုသုတတွေပေါင်းစပ်ပြီး မြေပြင်မှာ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ လက်တွေ့ဘဝနဲ့ ဆက်စပ်တဲ့အတွေ့အကြုံတွေက လက်တွေ့ဆောင်ရွက်တဲ့ အခါမှာ ချိတ်ဆက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်တစ်ခုမှာ ပြန်လည်ထူထောင် ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ စေတနာ့ဝန်ထမ်းတွေဟာ မရှိမဖြစ်လိုအပ်တဲ့အတွက် အားလုံးပါဝင်သင့်ပါတယ်။ 

သင်တန်းသား ကိုကျော်ကြီး 

mdn

ကျွန်တော်တို့ဒေသမှာ အစိုးရအနေနဲ့ အခုလို စေတနာ့ ဝန်ထမ်းတွေပါဝင်တဲ့ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုတဲ့ အတွက်ကြောင့် စိတ်ဝင်စားခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အရင်ကတည်းက စေတနာ့ဝန်ထမ်း တစ်ယောက်ဖြစ်တာကြောင့် ဒေသခံတစ်ဦးအနေနဲ့ အခုလိုပါဝင်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းက ပို့ချပေးလိုက်တဲ့ သင်ခန်းစာတွေနဲ့ မြေပြင်မှာ လက်တွေ့ ဆောင်ရွက်တဲ့အခါမှာ ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီသင်တန်းမှာဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကလူငယ်တွေ ပါဝင်ပါတယ်။ အခုလို သင်တန်းတွေ အတူတက်ပြီး ရခိုင်ဒေသမှာ စေတနာ့ဝန်ထမ်းအဖြစ် အားလုံး အတူတကွ သွားရောက် ဆောင်ရွက်ရမှာဆိုတော့ ဂုဏ်ယူကျေနပ်မိပါတယ်။ နောက်နောင်မှာလည်း စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ပါဝင်ဆောင်ရွက်သွားဖို့ အသင့်ပါပဲ။

သင်တန်းသား ကိုခင်မောင်သိန်း

mdn

ကျွန်တော်က စေတနာ့ဝန်ထမ်း တစ်ယောက်ဆိုတော့ ရခိုင်အရေးကိစ္စ စတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက သွားရောက်ချင်ခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်နိုင်ခဲ့ပါဘူး။ အခုတော့ အစိုးရရဲ့ (UEHRD) အစီအစဉ်မှာ ပြည်သူတစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ သင်တန်းမှာ ပို့ချပေးတဲ့ သင်ခန်းစာတွေက မြေပြင်မှာ ဆောင်ရွက်တဲ့အချိန်မှာ အသုံးချဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေပါပဲ။ ဝါရင့် အတွေ့အကြုံရှိ ဆရာတွေကိုယ်တိုင်က သူတို့ရဲ့ အတွေ့အကြုံတွေ သင်ကြားပေးသလို သင်တန်းသား တွေမှာလည်း အတွေ့အကြုံရှိပြီးသား သူတွေပါတော့ တစ်ဦးနဲ့တစ်ဦး အသိပညာဖလှယ်ကြရတော့ အများကြီးအကျိုးရှိပါတယ်။ အခုလို အတွေ့အကြုံ ကောင်းတွေကိုယူပြီး မြေပြင်မှာ သွားရောက်လုပ်ဆောင်ရမယ်ဆိုတော့ အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်လည်း အခုလို အစီအစဉ်မှာ ပါဝင်ဆောင်ရွက်ချင်ပါသေးတယ်။ ကျွန်တော်တို့ လုပ်နေသလို လူသားအားလုံး ပရဟိတစိတ်ဓာတ် ရှိဖို့လိုပါတယ်။ သူ့နေရာ၊ ကိုယ့်နေရာ မခွဲခြားဘဲ လူသားချင်း စာနာတဲ့စိတ်နဲ့ အားလုံးပါဝင်ကူညီကြဖို့ လိုပါတယ်။ 

သင်တန်းသား ဖြိုးကိုကိုဇော်

နိုင်ငံတော် အစိုးရကဦးဆောင်ပြီး လူငယ်စေတနာ့ဝန်ထမ်းတွေနဲ့ ပြုလုပ်တဲ့ အစီအစဉ်ဖြစ်တာကြောင့် နိုင်ငံသား တစ်ယောက်အနေနဲ့ ပါဝင်သင့်တယ်ဆိုတဲ့ စိတ်ကြောင့် အခုလိုပါဝင်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းက ပို့ချပေးလိုက်တဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို လက်တွေ့ဆောင်ရွက်တဲ့အခါမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာပါ။ အဲဒီအတွက်ကိုလည်း အခုကတည်းက ကြိုတင်ပြင်ဆင်ထားပါတယ်။ ရှေ့ပိုင်းမှာလည်း ပရဟိတလုပ်ငန်းတွေ အများကြီးလုပ်ခဲ့ ဖူးပါတယ်။ အခုတစ်ခါက အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့တော့ မတူပါဘူး။ စိတ်ဝင်စားဖို့ ပိုကောင်းပါတယ်။ အခုကတော့ အဲဒီဒေသမှာ နေထိုင်တဲ့သူတွေနဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေကအစ ကောက်ယူရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကိုလည်း စိတ်လှုပ်ရှားမိပါတယ်။ ဆရာတွေသင်ကြားပေးတဲ့ အတွေ့ အကြုံနဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ စုပေါင်းပြီး လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့တွေဟာ အစိုးရရဲ့ (UEHRD) အစီအစဉ်မှာ ပထမဆုံးအဖွဲ့ပါ။ အစိုးရအနေနဲ့ နောက်ထပ်လည်း လူငယ်တွေကိုထပ်ခေါ် နေမှာဖြစ် တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့ လူမျိုး၊ ဘာသာမရွေး အားလုံးပူးပေါင်း ဆာင်ရွက်သွားဖို့လိုပါတယ်။

တွေ့ဆုံမေးမြန်း- ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်