UEHRD စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး UEHRD ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)အနေဖြင့် လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မောင်တောဒေသသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ UEHRD စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ပြည်သူများ ပိုမိုသိရှိနိုင်စေရန် UEHRD ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်-

မေး။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တယ်ဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စု စီမံကိန်းဆိုပြီး Union Enterprise for Humanitarian Assistance,Resettlement and Development ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီစီမံကိန်းဖွဲ့စည်းဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာ ၁၅ ရက်မှာ ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့တယ်။ အောက်တိုဘာ ၁၇ ရက်မှာ ဖွဲ့စည်းခဲ့တယ်။

ပြည်ထောင်စုစီမံကိန်းဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအားလုံးပါဝင်ပြီး ပြည်သူအားလုံးရဲ့အင်အားနဲ့ ဆောင်ရွက်မယ့်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပထမအချက်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတဲ့နေရာမှာ အဆင်မပြေတာတွေ၊ စားဝတ်နေရေး အဆင်မပြေတာ တွေရှိတဲ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီကို ပိုပြီးထိထိရောက်ရောက် ကူညီဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

သြဂုတ် ၂၅ ရက်ကတည်းက လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ပြည်သူတွေအားလုံးပူးပေါင်းပြီး အဓိက ဆောင်ရွက်ခဲ့ပါတယ်။ အစိုးရအနေနဲ့ တကယ်ကို အင်တိုက်အားတိုက် ချက်ချင်းရတဲ့နည်းနဲ့ ဆောင်ရွက်ခဲ့တာရှိပါတယ်။ အခုထောက်ပံ့တဲ့အစီအစဉ်က ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးကို လွှမ်းခြုံနိုင်အောင်ဆိုပြီး အရှိန်မြှင့်ဆောင်ရွက်တာဖြစ်ပါတယ်။

ဒုတိယအချက်က စနစ်တကျ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး ဖြစ်ပါတယ်။ လူကြောင့်ဖြစ်တဲ့ ပဋိပက္ခကြောင့်ပဲဖြစ်ဖြစ်၊ သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းဆိုတာ လုပ်ရပါတယ်။ အခုရခိုင်ပြည်နယ်မှာ ဖြစ်တာကတော့ လူကြောင့်ဖြစ်တဲ့ ပဋိပက္ခကြောင့်ဖြစ်တဲ့ဘေး ဖြစ်ပါတယ်။ ဒီဘေးနဲ့ ပတ်သက်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့၊ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားတဲ့၊ နိုင်ငံအတွင်းမှာ နေထိုင်ခဲ့တဲ့သူတွေကို စနစ်တကျနဲ့ ပြန်လည်လက်ခံဖို့ဖြစ်ပါတယ်။

တတိယအချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်ပဋိပက္ခကင်းဝေးရေး ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ ဒီဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ် ပဋိပက္ခဖြစ်ပွားမှုကို လျော့နည်းစေတဲ့ သဘောရှိပါတယ်။ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးတစ်ဆက်တည်းမှာပဲ ရေရှည်ပဋိပက္ခ ကင်းဝေးရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီရည်ရွက်ချက်တွေနဲ့ ပြည်ထောင်စု စီမံကိန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မေး။ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်ဒေသအတွင်းက ပြည်သူတွေ အိုးပစ်အိမ်ပစ်ပြီး ဘယ်လောက် ထွက်ပြေးခဲ့ရသလဲဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူ လူထုက စိုးရိမ်ကြောင့်ကြကြတယ်။ ဒေသခံတိုင်းရင်းသားတွေ အလွန်ကြောက်ရွံ့ပြီး နေရပ်ကိုစွန့်ခွာကြတယ်။ မနေရဲကြတော့ဘူး။ စွန့်ခွာမှု တကယ်အဖြစ်များခဲ့တဲ့ နေရာတွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဖြစ်ပါတယ်။ မောင်တောကနေ ၂၇၂ ရွာ၊ ဘူးသီးတောင်ကနေ ၂၉ ရွာ၊ ရသေ့တောင်ကနေ ၁၈ ရွာ။ အဲဒီရွာတွေက နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီရွာတွေက လူတွေ အကုန်လုံးနီးပါး ပိုပြီး လုံခြုံစိတ်ချရမယ်ဆိုတဲ့ နေရာတွေကို ထွက်ပြေးလာကြတယ်။ အများစုကတော့ စစ်တွေရောက်ပါတယ်။

မေး။ UEHRD လည်း ဖွဲ့စည်းပြီးပြီဆိုတော့ နေရပ်စွန့်ခွာ သူတွေအနေနဲ့ နေရပ်ကို ပြန်လည်နေထိုင်ဖို့ ဘယ်လို ဆောင်ရွက်နေလဲဆိုတာ သိလိုပါတယ်။

ဖြေ။ အဲဒီဒေသအတွက် လက်ရှိအခြေအနေမှာ လုံခြုံစိတ်ချရဖို့က အရေးကြီးပါတယ်။ လုံခြုံစိတ်ချမှုရှိပြီဆိုရင် သူတို့ရဲ့ မူလနေရာတွေကို ပြန်ရောက်ဖို့ရှိပါတယ်။ မူလနေရာက ကျေးရွာမှာ ဒီအတိုင်းပဲ အိမ်တွေ၊ ယာတွေရှိနေမယ်ဆိုရင် တက်နေရုံပါပဲ။ ဒါပေမယ့် တချို့ မြို၊ ဒိုင်းနက် အစရှိတဲ့ တိုင်းရင်းသားလူနည်းစု ရွာတွေကျတော့ လုံးဝ မီးလောင်သွားတာတွေရှိပါတယ်။ ပြန်လည်နေရာချထား ရေးဆိုတာ အလွန်အရေးကြီးလာပါတယ်။

သူတို့ မီးမလောင်တဲ့ရွာတွေက ဆွေမျိုးသားချင်းတွေ၊ အသိတွေဆီမှာ ပူးပေါင်းနေထိုင်နေရတာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အရေးပေါ်ဆောင်ရွက်ပေးရပါ မယ်။ ပြန်လည်နေရာချထားတဲ့အခါမှာ ပိုစိတ်ချရတဲ့ပုံစံနဲ့ တိုင်းရင်းသားလူနည်းစုတွေကို စုစုစည်းစည်းဖြစ်အောင် သူတို့နေရာတွေကို ပြန်လည်ဆောက်လုပ်ပေးပါမယ်။

မေး။ အားလုံးပါဝင်ဆောင်ရွက်ရေးဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုစီမံကိန်းကြီးဆိုတာ ပေါ်ပေါက်လာပါတယ်။ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်သူလူထုနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ အကြီးအကဲတွေအားလုံး ဦးဆောင်ပြီးတော့ ပါဝင်ဆောင်ရွက်လာတာ တွေ့ရပါတယ်။ အခုစီမံကိန်းမှာ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက် ရှိပါတယ်။ ညှိနှိုင်းရေးမှူးချုပ်က ပြည်သူထဲကနေ လှူဒါန်းချင်တဲ့ ဆန္ဒရှိတဲ့လူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဖောင်ဒေးရှင်းတွေ၊ ပါဝင်ဆောင်ရွက်မယ့် သူတွေ၊ ပြည်သူ ပြည်သားတွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ဆောင်ရွက်ချင်တဲ့ လူတွေကို စုစည်းညှိနှိုင်းပေးပါတယ်။ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေလုပ်တာ၊ နေရာချဖို့အတွက် စီစဉ်တဲ့နေရာမှာ အားလုံးက ဝိုင်းဝန်းပြီး ဒီကိစ္စကို စတင်ဆောင်ရွက်နေပါတယ်။ စတင်တဲ့အခါမှာ အဖွဲ့တွေဖွဲ့ပါတယ်။ ဆွေးနွေးတိုင်ပင်တာတွေလုပ်ပါတယ်။ လိုအပ်ချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ကျွန်တော်တို့ စီမံကိန်းမှာ တာဝန်ရှိတဲ့သူတွေ ညှိနှိုင်းပါတယ်။ ပြည်သူတွေကလည်း အရေးကြီးပါတယ်။ ဒေသခံပြည်သူတွေနဲ့ လည်း ညှိနှိုင်းဖို့လိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ဒေါက်တာအောင်ထွန်းသက်နဲ့ ကျွန်တော် ရခိုင်ဒေသကို ရောက်တယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းမှာ အဓိကပါဝင်မယ့်သူတွေက လူငယ်ထုတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာက အင်မတန်မှကောင်းတဲ့ တက်ကြွတဲ့ လူငယ်ထုအင်အားတွေ ရှိပါတယ်။ လူငယ်တွေ ပါဝင်ဆောင်ရွက်လို့ရအောင် လူမှုအဖွဲ့အစည်းတွေလည်း ဒီကိစ္စကို သိအောင်ဆိုပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့တာရှိပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါမှာ ဘယ်လိုဖြစ်ချင် တယ်ဆိုတဲ့ သူတို့ရဲ့ဆန္ဒတွေ၊ ခံစားချက်တွေ၊ ယုံကြည်မှုတွေကို သိရတဲ့အခါ အင်မတန်မှ ကောင်းပါတယ်။ ကျွန်တော်တို့ ဒါတွေအကုန်လုံးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ လိုလားချက်တွေနဲ့ တကယ်လက်တွေ့မြေပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို စဉ်းစားဆောင်ရွက်ရမယ်။ ပြောရမယ်ဆိုရင် ရခိုင်ဒေသရဲ့ ကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ရုံသာမက တစ်ကမ္ဘာလုံးနဲ့ ပတ်သက်လာတယ်။ ဒါကြောင့်မို့ ဆက်စပ်ပြီး စဉ်းစားဆောင်ရွက်ရမယ့် ကိစ္စတွေအများကြီးရှိလာတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ အခုလက်ရှိမှာ လူငယ်ထုအင်အားနဲ့ လူမှုအဖွဲ့ အစည်းအင်အားရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက်ရှိလဲ ဆိုတာ သိလိုပါတယ်။

ဖြေ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေနဲ့ လူငယ်မူဝါဒကို ပထမရက် ၁ဝဝ စီမံကိန်းအစမှာကတည်းက ထိပ်ဆုံးစီမံချက်အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်နှစ်ခွဲအတွင်းမှာ လူငယ်တွေကိုယ်တိုင်ရေးဆွဲတဲ့ လူငယ်မူဝါဒအကြမ်း ပေါ်ပေါက်လာပါတယ်။ ဒီလူငယ်မူဝါဒအကြမ်းကိုလည်း နိုင်ငံတော်က အတည်ပြုဖို့ အစိုးရအဖွဲ့ကနေ လက်မှတ်ထိုးဖို့ တစ်ခုပဲကျန်ပါတော့တယ်။ ဒါကလည်း မကြာခင် ပြီးသွားမှာပါ။ မူဝါဒဆိုတာ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်ဖို့၊ ဆက်တိုက်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပါဝင်ပတ်သက်ခဲ့တဲ့ လူငယ်ထုတွေရှိတယ်။ ကိုယ်စားပြုဆိုတာ အလွန်ခက်ခဲစွာဆောင်ရွက် ရတဲ့အတွက် အတတ်နိုင်ဆုံး ကျွန်တော်တို့ဆောင်ရွက်တယ်။

သို့သော် တကယ်တမ်း အကောင်အထည်ဖော်တဲ့ နေရာမှာတော့ လူငယ်ထုတွေရဲ့ ဆန္ဒတွေ၊ မျှော်မှန်းချက်တွေကို ကျွန်တော်တို့ အပြည့်အဝ ဖော်ဆောင်ရပါမယ်။ ဖော်ဆောင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လူငယ်တွေရှိတယ်။ တစ်နိုင်ငံလုံးက လူငယ်တွေကို စုစည်းပြီး ပြည်ထောင်စု စီမံကိန်းကြီးရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာ လူငယ်ထုအင်အားကိုယူပြီး ဆောင်ရွက်ဖို့ စတင်နေပါပြီ။ အင်မတန် တက်ကြွတဲ့ လူငယ်တွေနဲ့ ဆက်သွယ်နေပါတယ်။ ဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှာဖွေပါတယ်။ အခုနည်းလမ်းတွေလည်းရပြီ။ လုပ်လက်စရှိတဲ့ လူငယ်အများစုက ဒီဒေသမှာ ရှေးဦး လုပ်ငန်းအကောင်အထည် ဖော်မှုတွေကို လက်တွေ့ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံတွေယူပါမယ်။ ရှေ့ဆက်ပြီး လူငယ်ထု လုပ်ရမယ့်ကိစ္စတွေမှာ နည်းလမ်းတွေ အများကြီးပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ပြည်သူတွေ အားလုံးပါဝင်ဖို့ဆိုရင် လူမှုအဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာဖို့ဖြစ်ပါတယ်။ ရခိုင်ဒေသမှာရှိတဲ့ လူမှု အဖွဲ့အစည်းတွေကလည်း အလွန်အရေးကြီးပါတယ်။ လူငယ်အင်အားနဲ့ လူထုအင်အားပါဝင်တဲ့ နည်းတွေနဲ့ ဆောင်ရွက်နေပါတယ်။

မေး။ ပဋိပက္ခနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားတွေ ဘယ်လိုရှိလဲဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။ နှစ်ရှည်လများဖြစ်ခဲ့တဲ့ ပဋိပက္ခရဲ့အရင်းအမြစ် ကိုဖော်ထုတ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ အရင်းအမြစ်ကို ဖော်ထုတ်တဲ့နေရာမှာ သိရုံနဲ့လည်းမရဘူး။ တကယ်ကို ဘာလဲဆိုတာ ကျကျနန အထောက်အထားနဲ့ ရှိဖို့လိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ တစ်ကမ္ဘာလုံးနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အကြံပေးဖို့ မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အကြံပြုချက်တွေ ရပါတယ်။ အောက်တိုဘာ ၉ ရက်မှာ အကြမ်းဖက်မှု စဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ပြဿနာတွေ အများကြီး ပေါ်ပေါက်တယ်။ ပြဿနာတွေရဲ့ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့တယ်။ ဒုတိယသမ္မတ ဦးဆောင်တဲ့ကော်မရှင်က အကြံပြုချက်တွေရှိတယ်။ အကြံပြုချက်တွေ ထွက်ပေါ်လာတဲ့အခါမှာ အခုလက်ရှိ အခြေအနေနဲ့ဆက်စပ်ပြီး ပြည်သူအကျိုးရှိမယ့်ဟာတွေကို ဦးစားပေးဖော်ထုတ်ပြီး ဆောင်ရွက်တဲ့ ကိစ္စတွေရှိပါတယ်။ ပြည်သူလူထုက အခုလက်ရှိဖြစ်နေတဲ့အခြေအနေတွေရယ်၊ နဂိုက စုစည်းလာတဲ့ အခြေခံအကြောင်းအရင်းတွေအပေါ်မှာ ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေ ဆီကနေ တုံ့ပြန်မှုတွေ၊ ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ အကြံဉာဏ်တွေ ကျွန်တော်တို့ ရတယ်။

မေး။ UEHRD ဖွဲ့စည်းလိုက်တဲ့အတွက် ရခိုင်ပြည် နယ်ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဘယ်လောက်များ အထောက်အကူ ပြုနိုင်မလဲဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။ ပြည်ထောင်စု စီမံကိန်းဖြစ်တဲ့အတွက် အလျင်အမြန်နဲ့ အများကြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးစီမံကိန်းကြီး ဖြစ်ပါတယ်။ ဒီမှာအရေးကြီးတာက စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား စတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုကိစ္စတွေ အလွန်အရေးကြီးပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ စီမံချက်ဆိုတာ ရခိုင်ပြည်နယ်ကနေ ဆောင်ရွက်ထားတဲ့ကိစ္စလေး ရှိပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရကို တင်ပြပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေစဖို့ မေလကတည်းကစပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ပေါ်လာတဲ့အခါ ရှေ့မတိုးနိုင်ဘဲ တန့်သွားတာဖြစ်ပါတယ်။ ရှေ့တိုးတဲ့နေရာမှာ အရှိန်အဟုန်ကို အင်အားကြီးကြီးနဲ့ ရှေ့တိုးမှ ရပါမယ်။ ဒါမှပြောင်းလဲမှုက မြန်မြန်ဆန်ဆန်ဖြစ်မယ်။ ကျွန်တော်တို့က သံသရာ ပြန်လည်မှာကြောက်တယ်။ ဖွံ့ဖြိုးတိုးတက်မှု အများကြီးဖြစ်လာရင် မတည်ငြိမ်မှု ပဋိပက္ခတွေလျော့နည်းသွားမယ်။ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေက မဖွံ့ဖြိုး၊ မတိုးတက်မှုတွေ အပေါ်မှာ မူတည်နေတယ်။ မဖွံ့ဖြိုး၊ မတိုးတက်မှုဆိုတာ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး၊ လူမှုရေး လူသားအားလုံးရဲ့အခြေခံမှုကို ပြောတာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုပြီး ပြောနေတာမဟုတ်ဘူး။ ကျွန်တော်တို့မှာလည်း အခွင့်အရေးရှိတယ်။ လူတစ်ယောက်ရပ်တည်ဖို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ရမယ်။ လူသားတိုင်းက ဖော်ဆောင်ရမယ်။ ရခိုင်တိုင်းရင်းသားတွေမှာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်နိမ့်ကျနေသလဲ၊ အခြားနေရာထက်စာရင် ပိုပြီးနိမ့်ကျနေသလား၊ ရခိုင်ပြည်နယ်မှာ တကယ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်နှခုရှိသလဲ၊ စက်မှုဇုန်တွေ ဘယ်လောက် တိုးတက်ဖွံ့ဖြိုးနေသလဲ၊ လမ်းပန်းဆက်သွယ်ရေးတွေ ဘယ်လောက်ကောင်းသလဲ၊ လျှပ်စစ်မီးတွေ ဘယ်လောက်ရသလဲ၊ ဒါတွေအကုန်လုံး အရေးကြီးပါတယ်။ ဒါတွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်ဖို့ ပြည်ထောင်စု စီမံကိန်းကြီးက အရှိန်မြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုစီမံကိန်းကြီး ဖော်ဆောင်လိုက်တဲ့ အကျိုးရလဒ်က တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာတယ်။ ကျွန်တော်တို့သည် ရခိုင်ဒေသအတွက် အစိုးရသစ် တက်လာကတည်းက ဦးစားပေးဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်နေရင်းက ဒါတွေဖြစ်တယ်။ ဒီတစ်ခါတော့ ပဋိပက္ခတွေ ထပ်ပြီးမဖြစ်စေချင်တော့ဘူး။ မဖြစ်စေချင်တော့ အခြေခံအကြောင်းအရင်းဖြစ်တဲ့ ဖွံ့ဖြိုးမှုအကြီးကြီးတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်ဆိုတာကို ပြလိုက်တယ်။ တစ်ကမ္ဘာလုံးသိသွားတယ်။ မိတ်ဆွေနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ကူညီမယ်၊ ဆောင်ရွက်မယ်ဆိုပြီး ဖြစ်လာပါတယ်။ ပြည်သူလူထုလည်းပါဝင်မယ်။ ဒါကြောင့် ဒီဒေသကြီးဟာ အလျင်အမြန်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ရှိပါတယ်။

မေး။ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေက လှူဒါန်းတာတွေ၊ ပြည်တွင်းအလှူရှင်တွေက လှူဒါန်းတာတွေ ရှိပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အလှူငွေတွေကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။ အလှူငွေနဲ့ပတ်သက်ပြီး အလွန်အရေးကြီးတယ်။ စနစ်ကျဖို့လိုတယ်။ ပွင့်လင်းမြင်သာဖို့လိုတယ်။ သုံးစွဲတဲ့နေရာမှာ ပြည်သူဆီ တိုက်ရိုက်အကျိုးရှိသွားတယ် ဆိုတာကို ပြသနိုင်ဖို့လိုတယ်။ ဘယ်လို ဆောင်ရွက်လိုက် တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြဖို့လိုတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က နှစ်ပတ်တစ်ခါ ရရှိတဲ့ စာရင်းဇယားနဲ့ သုံးစွဲတာတွေကို ရှင်းတမ်းတွေထုတ်ဖို့ ကြိုးစားတယ်။ မှန်ကန်တဲ့ လုပ်ရပ်တွေ ဟုတ်လား၊ မဟုတ်လားဆိုတာ ပြည်တွင်း၊ ပြည်ပ စာရင်းစစ်တွေဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်သွားဖို့ လုပ်နေပါတယ်။

မေး။ ဖွံ့ဖြိုးရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ လုပ်တဲ့အခါ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဘယ်လို အောင်မြင်အောင် ဆောင်ရွက်သွားမယ်ဆိုတာလည်း သိလိုပါတယ်။

ဖြေ။ အများနဲ့လုပ်ရရင် စိန်ခေါ်မှုဆိုတာရှိပါတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေဆိုတာ အများပူးပေါင်း ဆောင်ရွက်မှလည်း အောင်မြင်မှာဖြစ်ပါတယ်။ ပူးပေါင်း ပါဝင်မယ်ဆိုရင် ပွင့်လင်းမြင်သာဖို့အရေးကြီးပါတယ်။ ပြည်ထောင်စုစီမံကိန်းကို ပြည်သူတွေ ဒီထက်မက သိရှိအောင် ရှင်းပြရမှာဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ မီဒီယာတွေ အနေနဲ့ ပူးပေါင်းပါဝင်ဖို့လည်း လိုပါတယ်။ မီဒီယာတွေကနေ သတင်းအမှန်တွေကို ဖော်ထုတ်ပေးဖို့လိုပါတယ်။ ပြည်သူတွေ တိုက်ရိုက်သိအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။

မေး။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဖြည့်စွက်ပြီးပြောချင်တာရှိရင် ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ပြည်ထောင်စုစီမံကိန်းဆိုတာ အင်မတန် ကျယ်ပြန့်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ့အင်အားကို အခြေတည်တာဖြစ်ပါတယ်။ ပြည်သူ့အင်အားက ဒီလောက်ရှိတယ်။ ငါတို့နိုင်ငံက ဒီလိုစည်းရုံးမှုရှိတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အင်အားပြသမှာမို့ ပြည်သူတွေပါဝင်ဖို့လိုတယ်။ ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းစဉ်တွေကို ပြည်သူတွေ တကယ်သိဖို့ ဖြန့်ဖြူးပေးနိုင်မယ့် မီဒီယာကဏ္ဍကလည်း အများကြီးပူးပေါင်းပါလို့ ပြောချင်ပါတယ်။ ပြည်သူတွေအနေနဲ့ မီဒီယာကဏ္ဍကနေ ဖြန့်ဝေတဲ့ သတင်းတွေကို အာရုံစိုက်ပြီး လေ့လာပါလို့ပြောချင်တယ်။ မရှင်းလင်းတာရှိရင်လည်း ကျွန်တော်တို့ဝန်ကြီးဌာနကို အမြဲတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဒါ ပြည်သူတွေကို ပြောချင်တဲ့စကားပါ။ ကျွန်တော်တို့ရဲ့ဆောင်ရွက်နေမှုဟာ တကယ်ကို ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို ဦးတည်တယ်။ ငြိမ်းချမ်းမှုနဲ့ဖွံ့ဖြိုးမှုဆက်စပ်နေတယ်။ ဖွံ့ဖြိုးမှုကို အားစိုက် ဆောင်ရွက်တဲ့အတွက်ကြောင့် ငြိမ်းချမ်းမှုလည်း ပိုပြီး လိုက်ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ပေါင်းစုံက ဆောင်ရွက်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပြည်သူတွေက တကယ့်စိတ်ရင်းစေတနာအမှန်နဲ့ ပူးပေါင်းပါဝင် လိုက်ခြင်းအားဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအတွက် တကယ့်ကို အင်အားတစ်ရပ်ဖြစ်မှာပါလို့ ပြောလိုပါတယ်။    ။