ဥစ္စာရင်လို ဥစ္စာရင်ခ

၁၉   ဇွန်

 

နိုင်ငံတော်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်လျက် မြန်မာ့ခရီးသွားလုပ်ငန်း ကွန်ဖရင့် -၂၀၁၈ ကို ဇွန် ၁၂ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။

 

အဆိုပါ ကွန်ဖရင့်တွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုနှင့် ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဈေးကွက် မဟာဗျူဟာများနှင့် အခွန်ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းနည်းပညာပိုင်းဆိုင်ရာနှင့် အသက် မွေးဝမ်းကျောင်းအရည်အသွေး မြင့်မားစေရန်အတွက် လေ့ကျင့်သင်ကြားပေးရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ရှေ့လာမည့် အနာဂတ်အလားအလာများကို ဆွေးနွေးခဲ့ကြရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် လိုအပ်သော အကြံဉာဏ် လုပ်နည်းလုပ်ဟန်နှင့် နည်းလမ်းများကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

 

အဆိုပါကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက “ယခုလို ခရီးသွားဧည့်သည် အများဆုံးလာရောက်ကြသည့် နိုင်ငံများအား အထူး target ထားပြီး ဧည့်သည် ပိုမိုလာရောက်ရန် ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပိုမိုဝင်ရောက် ပြသနိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ယင်းသို့ ပါဝင်ပြသနိုင်ရန် လုံလောက်သော ရန်ပုံငွေများ ရရှိရေးသည် လိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေရ၍ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် ဘဏ္ဍာငွေခွဲဝေချထားမှုအပိုင်းတွင် လုံလောက်စွာ ခွဲဝေပေးရန် အခက်အခဲရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင်းကလည်း မိမိတို့ ခရီးသွားလုပ်ငန်းတိုးတက်ရန် အချင်းချင်း ပူးပေါင်းညှိနှိုင်း အဖြေရှာကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း” စသည်ဖြင့် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသို့ အများဆုံး လာရောက်လည်ပတ်ကြသည့် ခရီးသည်များတွင် အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းတို့မှ အများဆုံး လာရောက်လည်ပတ်ကြပြီး အနောက်နိုင်ငံများဘက်မှ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့မှ အများဆုံး လာရောက်လည်ပတ်ကြသည်ဟု သိရသည်။ အဆိုပါနိုင်ငံများမှ မြန်မာနိုင်ငံသို့ အများဆုံး လာရောက်လည်ပတ်ကြသည့်အလျောက် ဈေးကွက်မြှင့်တင်ရာတွင်လည်း အဆိုပါ နိုင်ငံများကို အဓိက ဦးတည်ကာ ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်ကြရန်အတွက် ဆွဲဆောင်မှုများကို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လတ်တလောတွင်မူ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက် လာစေရေးအတွက် ၎င်းသုံးနိုင်ငံကို ဗီဇာစနစ်များ ဖြေလျှော့ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ဈေးကွက်မြှင့်တင်မှုအနေဖြင့် နိုင်ငံတကာတွင် မိမိတို့နိုင်ငံကို ပိုမိုသိလာအောင် ကြော်ငြာရမည်ဖြစ်သလို ဟိုတယ်အခန်းခများနှင့် သယ်ယူပို့ဆောင်ခများ နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်ရေး၊ အခကြေးငွေနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ ခရီးစဉ်ဒေသများ၏ အရည်အသွေး ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးနှင့် နိုင်ငံတကာအဆင့်မီရေးတို့ကို ကြိုးပမ်းကြရန်လည်း လိုအပ်မည် ဖြစ်သည်။

 

ခရီးသွားလုပ်ငန်းသည် နိုင်ငံစီးပွားအတွက် လွန်စွာအရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မိမိတို့ အိမ်နီးချင်းနိုင်ငံများ၌ မိမိတို့ထက် အဆပေါင်းများစွာ ခရီးသည်များ ဝင်ရောက်နေကြသည်ကို လေ့လာတွေ့ရှိ နိုင်သည်။ ခရီးသွားလုပ်ငန်းသည် ယင်းနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာအထောက်အကူ ပြုနေကြသည်ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်သည်။ ခရီးသည်များ လာရောက်လည်ပတ်နိုင်ရန် လိုအပ်သော စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုနှင့် သဘာဝ အရင်းအမြစ်များ၊ လည်ပတ်စရာနေရာများ၊ လေ့လာစရာများ ပေါများကြွယ်ဝစွာ ပိုင်ဆိုင်ထားသည့် မိမိတို့နိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များအနေဖြင့် ဥစ္စာရင်းလို ဥစ္စာခဲဆိုသလို ဦးစွာအားထုတ်ကြရန်လိုမည် ဖြစ်သည်။ မိမိတို့၏ အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချကာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဆောင်ရွက်ကြရာတွင် အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်းက ဘက်စုံထောင့်စုံမှ အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ တီထွင်ကြံဆကာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် ခရီးသွားကဏ္ဍမှ စွမ်းဆောင်နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း