တူရကီငါးဖမ်းသင်္ဘောနှင့် ရုရှားရေနံတင်သင်္ဘောတိုက်မိ၍ တူရကီသင်္ဘောနစ်မြုပ်

အစ္စတန်ဘူလ် ၁၁ ဇန်နဝါရီ

 

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၏ မြောက်ဘက်ကမ်းလွန်ပင်လယ်တွင် တူရကီငါးဖမ်းသင်္ဘောတစ်စင်းနှင့် ရုရှားရေနံတင် သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ရာ လူသုံးဦးပျောက်ဆုံးနေကြောင်း တူရကီကမ်းစောင့်တပ်ဖွဲ့ကပြောကြားသည်။

 

တူရကီငါးဖမ်းသင်္ဘောနှင့် ရုရှားရေနံတင်သင်္ဘော တိုက်မိမှုဖြစ်ပွားခဲ့ ပြီးနောက် တူရကီသင်္ဘောသည် ရေထဲ နစ်မြုပ်သွားကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

သင်္ဘောတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများက လူသုံးဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော်လည်း ကျန်သုံးဦး ပျောက်ဆုံးနေသောကြောင့် ကူညီရှာဖွေမှုလုပ်ငန်းများကို အခင်းဖြစ်ပွားသည့် နေရာအနီးဝန်းကျင်တွင် အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ရုရှား၏ GLARD-2 အမျိုးအစား ရေနံတင်သင်္ဘောသည် ရုရှားနိုင်ငံမှ တူရကီနိုင်ငံ အစ်ဇ်မီမြို့ရှိ အေဂျီယန် ကမ်းရိုးတန်းသို့ ဦးတည်ထွက်ခွာနေစဉ် တူရကီငါးဖမ်းသင်္ဘောနှင့် ယခုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

 

အခင်းဖြစ်မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း တူရကီကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ