တတိယအကြိမ်မြောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဘားအံ၌ ကျင်းပ

ဘားအံ  ၆  ဒီဇင်ဘာ 

 

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ADRA-Myanmar တို့မှ ကြီးမှူး၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ Job Fair 2018 ကို ဒီဇင်ဘာလ ၆ ရက် နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦး၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောပြည်သာ၊ ADRA-Myanmar မှ Project Director စောဝီလီယံဖိုးတို့က ပြပွဲအား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြကာ ခင်းကျင်းပြသထားသည့် အလုပ်အကိုင် အခွင့်အလမ်းပြခန်းပေါင်း ၃၀ အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

 

အဆိုပါပြပွဲတွင် ဟိုတယ်၊ အထည်ချုပ်၊ ဆောက်လုပ်ရေး၊ မိုဘိုင်းဖုန်း၊ အရောင်းစာရေး၊ ဆံပင်ညှပ်၊ အလှပြုပြင်၊ ကွန်ပျူတာနှင့်ရုံးပိုင်းဆိုင်ရာ၊ စားသောက်ဆိုင်၊ ခရီးသွားဝန်ဆောင်မှု၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းရှာဖွေရေး အစရှိသည့် လုပ်ငန်းဆိုင်ရာ ကုမ္ပဏီပေါင်း ၂၈ ခုမှ အလုပ်အကိုင်အခွင့်အလမ်းများ၊ အလုပ်ခေါ်စာများခေါ်ယူ၍ ဒီဇင်ဘာလ ၇ ရက်နေ့ထိ အောက်ခြေအလွှာမှ ပညာတက်အသိုင်းအဝိုင်းထိ အလုပ်အကိုင်မျိုးစုံကို နှစ်ရက်ကြာ ချိတ်ဆတ်ပေးသွားမည်ဖြစ်သည်။ 

အလုပ်လိုချင်သူများအနေဖြင့် ယခုပြပွဲတွင် မိမိတို့စိတ်ကြိုက် အလုပ်အကိုင်များကို ရှာဖွေရွေးချယ်၍ လျှောက်ထားနိုင်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လာရောက်ကြသည့်လူငယ်များကို မေးခွန်းများမေးမြန်း၍ စိတ်ကြိုက်ရွေးချယ်ခန့်ထားနိုင်ကြောင်း၊ ထို့အတွက် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အလုပ်အကိုင်အခွင့်အလမ်းများကို ချိတ်ဆတ်ပေးသည့်အနေဖြင့် ကျင်းပပေးချင်းဖြစ်ကြောင်း၊  အလုပ်အကိုင် လိုချင်သူများနှင့် အလုပ်အကိုင်ပေးချင်သူ(လုပ်ငန်းရှင်)များကြား ချိတ်ဆတ်မိစေရန် ကြားဝင်ဆောင်ရွက် ပေးချင်းဖြစ်ကြောင်း ယခုပြပွဲကို ကြီးမှူးကျင်းပသည့် နည်းပညာအထက်တန်းကျောင်း(ဘားအံ) မှ ကျောင်းအုပ် ကြီး ဒေါက်တာချိုယုမွန်က ပြောသည်။

 

 

ယခင် ကျင်းပပြီးခဲ့သည့် ပထမအကြိမ်နှင့်ဒုတိယအကြိမ်တို့တွင် ဒေသခံလူငယ် အမျိုးသား/အမျိုးသမီး ၄၀၀ ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆတ်ပေးနိုင်ခဲ့ပြီး ယခုတတိယအကြိမ်တွင် ပိုမိုချိတ်ဆတ် ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်ထားကြောင်း သတင်းရရှိသည်။ 

 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)