နေပြည်တော် ဇွန် ၂၂
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီ ခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၆ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေ အနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေး ၏ လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန် ဘဏ္ဍာရရှိမှု၊ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာနှင့် လူအင်အားလုံလောက်မှု ရှိ၊ မရှိ၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သော အခွန်ငွေများရရှိမှု ရှိ၊ မရှိနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုမိုရရှိအောင် ဆောင်ရွက်မည့်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှုနှင့် ရသင့်ရထိုက် သော အခွန်ငွေများရရှိရေးအတွက် (၂၀၀၈ ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အခွန် အကောက်စနစ်တွင် ပြည်ထောင်စုအဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဆင့်တွင် ကောက်ခံရရှိသည့် အခွန် အကောက်နှင့် စည်ပင်သာယာရေးအဖွဲ့အဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်ဟူ၍ အဆင့်သုံးဆင့် ဖွဲ့စည်းထားပါကြောင်း။
နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေ နှိုင်းယှဉ်ချက်အရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကောက်ခံရရှိသည့် အခွန်အကောက်ရငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၄၉၁၂ ခန့်ရရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ဘီလီယံ ၁၄၀၇၀ ကောက်ခံရရှိခဲ့သည့်အတွက် အခွန်အကောက်ရငွေ သုံးဆခန့်တိုးတက်ရရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းထိ တိုးတက်လာ ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
နည်းပညာ တိုးချဲ့ကျင့်သုံးနိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနတို့တွင် နည်းပညာဆိုင်ရာဌာနခွဲကို ဌာနခွဲ တစ်ခုစီ သီးခြားထည့်သွင်း ဖွဲ့စည်းထားရှိခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံ တင်ခြင်းစနစ် (e-Registration Management System)၊ အီလက်ထရောနစ် အခွန်ကြေညာလွှာ တင်သွင်းမှုစနစ် (e-Filing Management System)၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြစ်သည့် m-Banking၊ e-Banking၊ i- Banking၊ Mobile Payment IRD’s Tax Payment Hub၊ Mobile Payment တို့ဖြင့် အခွန်ငွေများ ပေးဆောင်နိုင်ရန် စီမံဆောင်ရွက်ထားခြင်း၊ အကောက်ခွန်ဦးစီးဌာနတွင် မြန်မာ အလိုအလျောက်ကုန်ပစ္စည်း ရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System-MACCS )ကို အသုံးပြုပြီး Internet Banking / Mobile Banking မှတစ်ဆင့် အကောက်ခွန်နှင့် အခြားအခွန်အခများ ပေးဆောင်နိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း။
အခွန်ဘဏ္ဍာပိုမိုရရှိစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့မှ စီးပွားရေးလုပ်ငန်းစာရင်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီစာရင်းများနှင့် တိုက်ဆိုင်စိစစ်ပြီး အခွန်ထမ်းသစ်များ ဖော်ထုတ်ခြင်း၊ မိုဘိုင်းဖုန်းဟန်းဆက်များကို နည်းပညာ အသုံးပြု၍ မှတ်ပုံတင်စေသည့်စနစ် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ် ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ခြင်းလုပ်ငန်းစဉ် ဆိုင်ရာ အီလက်ထရောနစ်ဝန်ဆောင်မှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက် ရှိခြင်း၊ အခွန်ရငွေပိုမိုတိုးတက်ရေး၊ အခွန်စည်းကြပ်ရာတွင် မျှတမှုဖြစ်စေရေး၊ အခွန်မှူးများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချကန့်သတ်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရေးတို့အတွက် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်ကို တိုးချဲ့ ကျင့်သုံးဆောင်ရွက်ခြင်း၊ အခွန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးများနှင့် အီလက်ထရောနစ် ဝန်ဆောင် မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အခွန်ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အခွန်ပညာ ပေးရှင်းလင်းပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခွန် ယဉ်ကျေးမှု ပိုမိုခိုင်မာလာစေရေးနှင့် အခွန်ထမ်း ပြည်သူများအနေဖြင့် အခွန်တာဝန်ကို ကြည်သာ ပျူငှာစွာ ထမ်းဆောင်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာသည့်အတွက် နေထိုင်မှုအဆင် ပြေစေရန် ရွာတိုးချဲ့မြေခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက တိုးချဲ့လိုသော ကျေးရွာမြေသည် လယ်ယာမြေဖြစ်ပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဖြစ်ပါက ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း၊ ဝန်ကြီး ဌာနများမှ စီမံခန့်ခွဲလျက်ရှိသော မြေများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုမိန့်များအရ လည်းကောင်း ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ကျေးရွာမြေအဖြစ် အသုံးပြုခွင့် ရရှိပါက ၁၉၀၇ ခုနှစ် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေအပိုဒ် ၄၁၊ ၄၂၊ ၄၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေထိုင်ရန်အခက်အခဲရှိသော ကျေးရွာနေ ပြည်သူများအား ချထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာသည့်အတွက် နေထိုင်မှု အဆင်ပြေစေရေး ကျေးရွာမြေတိုးချဲ့ခွင့်ပြုပေးနိုင်ပါရန် သက်ဆိုင်ရာကျေးရွာများမှ ပြည်သူများက လျှောက်ထားလာပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃) ဦးခင်မောင်တင့်၏ တိုက်ကြီး မြို့နယ်အတွင်းရှိ မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမချို ကျေးရွာ၊ မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ကျေးရွာ၊ ကင်းပတီးကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာနှင့် လိပ်လော့ကျေးရွာ၊ ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာနှင့် ကြို့ပင်ကျေးရွာ၊ ရေတွင်း ကုန်းကျေးရွာအုပ်စု အေးမြသာယာကျေးရွာတို့အား သစ်တောဧရိယာမြေမှပယ်ဖျက်ပြီး ကျေးရွာပိုင်မြေ အဖြစ် ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမချိုကျေးရွာသည် ၂၀၀၆ ခုနှစ်ခန့်မှစ၍ ၇၈ ဧကရှိသည့် ကျေးရွာအဖြစ် လည်းကောင်း၊ မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ကျေးရွာ သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစ၍ ၉၀ ဧကခန့်ရှိသည့် ကျေးရွာအဖြစ်လည်းကောင်းတည်ရှိကာ အဆိုပါ ကျေးရွာ နှစ်ရွာသည် တောင်လှိုင်ရိုးမသစ်တော ကြိုးဝိုင်း မြေအတွင်းပါဝင်နေပါကြောင်း၊ ကင်းပတီးကျေးရွာ အုပ်စုအတွင်းရှိ ရွှေညောင်ကျေးရွာသည် ၂၀၁၂ ခုနှစ် ခန့်မှစ၍ ၅၁ ဧကရှိသည့် ကျေးရွာအဖြစ်တည်ရှိပြီး မာဂရီသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေပါကြောင်း။
ကင်းပတီးကျေးရွာအုပ်စုအတွင်းရှိ ယခင် လိပ်လော့ကျေးရွာ(ယခုမြိုင်ဟေဝန်ကျေးရွာ)သည် ၁၉၆၆ ခုနှစ်မှစ၍ ဧက ၃၀ ခန့်ရှိသည့် ကျေးရွာအဖြစ် တည်ရှိပြီး ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေပါကြောင်း၊ လိပ်လော့ကျေးရွာမြေနေရာသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြန်မာ့သစ်လုပ်ငန်းသို့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း(မြိုင်ဟေဝန်ဆင်စခန်း)အဖြစ် ဆောင်ရွက် ရန်အတွက် ဆင်စခန်းနှင့် ဆင်စားကျက်မြေအဖြစ် ခွင့်ပြုထားသည့် မြေဧရိယာ ၃၃ ဧကအတွင်း ကျနေသည့်အတွက် သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းမရှိပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖြေကြားထားပါကြောင်း။
ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင် ကျေးရွာသည် ၁၉၆၁ ခုနှစ်ခန့်မှစ၍ ၁၆ ဧကခန့် ရှိသည့် ကျေးရွာအဖြစ်လည်းကောင်း၊ ကြို့ပင်ကျေးရွာ သည် ၁၉၈၃ ခုနှစ်ခန့်မှစ၍ ဧက ၃၀ ခန့်ရှိသည့် ကျေးရွာအဖြစ်လည်းကောင်း၊ ရေတွင်းကုန်းကျေးရွာ အုပ်စု အေးမြသာယာကျေးရွာသည် ၂၀၀၇ ခုနှစ်ခန့်မှ စ၍ ၁၇ ဒသမ ၅၀ ဧကခန့်ရှိသည့် ကျေးရွာအဖြစ် လည်းကောင်း တည်ရှိကြပြီး အဆိုပါကျေးရွာ သုံးရွာသည် မာဂရီသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေကြပါကြောင်း။
သစ်တောဧရိယာမြေမှပယ်ဖျက်၍ ကျေးရွာမြေအဖြစ် ဆောင်ရွက်လိုသည့် ကျေးရွာ ခုနစ်ရွာသည် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကျေးရွာများစာရင်းတွင် မပါဝင် ပါကြောင်းနှင့် ယင်းကျေးရွာ ခုနစ်ရွာအနက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောကြိုးဝိုင်းမြေအဖြစ် ပယ်ဖျက်ပေးနိုင် ခြင်းမရှိသည့် ကင်းပတီးကျေးရွာအုပ်စု လိပ်လော့ ကျေးရွာ (ယခုမြိုင်ဟေဝန်ကျေးရွာ)မှလွဲ၍ ကျန် ခြောက်ရွာအား သစ်တောကြိုးဝိုင်မြေမှကျေးရွာမြေ အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၄ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးရှာမွေလရှဲန်၏ ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ရှေခင်ကျေးရွာ ကြိုးတံတားအား သံကူကွန်ကရစ် တံတားအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက လက်ရှိတံတားသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပစ္စည်းထောက်ပံ့ ပေးပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇ သန်း၊ ကျေးရွာမှ ထည့်ဝင်ငွေကျပ် ၃၂ သန်းနှင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ လိုအပ်ပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။
သို့ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ် အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ တို့ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ လျာထားတင်ပြပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကိုင်းတောကြီး ကျေးရွာရှိ တောင်မန်းမြောင်းတောင် ၇ ဒသမ ၆ မိုင် (ပေတိုင်အမှတ် ၄၁၀၀၀)နှင့် ၈ မိုင် (ပေတိုင်အမှတ် ၄၂၀၀၀) ကြားရှိ ပေါင်းတံတားအထိ ၂ ဒသမ ၂ မိုင် အရှည်ရှိသော ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးသိုက်စိုးက ကိုင်းတောကြီးကျေးရွာ ကုန်ထုတ်လမ်း၏ လက်ရှိလမ်းအကျယ်သည် ပျမ်းမျှ ၁၀ ပေခန့်သာရှိပြီး ကုန်ထုတ်လမ်းဖောက်လုပ်ရန် လမ်းနယ် အကျယ်ပေ ၃၀ ရှိရန် လိုအပ်ပါကြောင်း၊ လမ်းအကျယ်ပြည့်မီစေရန်အတွက် သက်ဆိုင်ရာ တောင်သူများ၊ ကျေးရွာလမ်းကော်မတီများနှင့် မြေနေရာရရှိရေးကို လွှတ်တော်ကိုယ်စားလှယ်က စည်းရုံးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါကြောင်း။
မြေနေရာရရှိပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းဒီဇိုင်းပုံ ထုတ်ခြင်းနှင့် အသေးစိတ်ခန့်မှန်းခြေ တွက်ချက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့နှင့် ပေါင်းစပ်၍ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုတို့အရ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(သို့မဟုတ်) တိုင်းဒေသကြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အတိုင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း အစား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးသိန်းလှိုင်ကို အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင် ဖွဲ့စည်းခြင်း လွှတ်တော်သို့တင်ပြပြီး အတည်ပြုချက် ရယူသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်း ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဒေါ်ဇင်ပပဦးက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၀) ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဒေါ်ဇင်ပပဦးတို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ တာဝန်ပေးအပ်ခံရသည့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ဦးဇော်မင်းသန်းက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ဒေါက်တာစောနေလင်းအောင်နှင့် အတွင်းရေးမှူး အဖြစ် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ဦးဇော်မင်းသန်းတို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ အတည်ပြုသဖြင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဖွဲ့စည်းကြောင်း နှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် တာဝန်ပေးအပ်ခံရသည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဦးဖြိုးဝေလင်းက ဟိုတယ်၊ ခရီးသွား လုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်စိုးနှင့် အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဦးဖြိုးဝေလင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒသမနေ့ကို ဇွန် ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


