နေပြည်တော် မတ် ၂၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထံသို့ နိုင်ငံတကာမှ ပေးပို့လာသည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို မှတ်တမ်းတင်ခြင်းနှင့် လွှတ်တော် အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှစ်ရပ် ဖွဲ့စည်းမှုကို လွှတ်တော်၏ အတည်ပြုချက်ရယူ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၃၇၃ ဦးရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၃၇၀ တက်ရောက်သဖြင့် တက်ရောက် မှု ရာခိုင်နှုန်း ၉၉ ဒသမ ၂၀ ရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင် ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက်ဥက္ကဋ္ဌ၊ ဘယ်လာရုစ် သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီးနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌတို့က ပေးပို့လာသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။
ဆက်လက်၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးတို့နှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း၊ အတွင်း ရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ကျော်ဌေး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်းနှင့် လွှတ်တော်အခွင့်အရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီ အစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းမှု နှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးတို့နှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံ မဲဆန္ဒနယ် မှ ဦးသန်းထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်း အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီ အစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ လွှတ်တော် လွှတ်တော်အခွင့် အရေးကော်မတီ ဖွဲ့စည်းပြီး ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို လွှတ်တော်အခွင့်အရေး ကော်မတီကဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


