နေပြည်တော် ဇွန် ၁၉

 

တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဆက်သွယ်ရေးကောင်းမွန်စေရေး၊ အင်တာနက်ဝိုင်ဖိုင်ကြိုးများ စနစ်တကျ သွယ်တန်းရေး၊ အွန်လိုင်းလောင်းကစားများပပျောက်ရေး၊ လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၉ ခု မေးမြန်းဖြေကြားခြင်းနှင့် “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း” လေ့လာတွေ့ရှိချက် အစီရင်ခံစာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးစွာ နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင် (ခ) ဦးဒီလုံး၏ နမ့်စန်မြို့နယ်အတွင်းရှိ နမ့်လစ်၊ ဟိုင်းနားကြီးနှင့် ပိန်းဆည်ကျေးရွာအုပ်စုများ ဖုန်းဆက်သွယ်ရေးကောင်းမွန်စေရန် ဆက်သွယ်ရေးတာဝါတိုင် ၄ တိုင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စုအတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၄ ခု၊ ဟိုင်းနားကြီးကျေးရွာအုပ်စုတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၀ ခုနှင့် ပိန်းဆည် ကျေးရွာအုပ်စုတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၂ ခု ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ထို့ပြင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ မြေပြင်ကွင်းဆင်းစစ်ဆေးချက်များအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟိုင်းနားကြီးကျေးရွာအုပ်စုအတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၃ ခု ထပ်မံတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နယ်မြေများ၌ မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိမှု၊ ဆက်သွယ်ရေးဆက်ကြောင်းများ ချိတ်ဆက်နိုင်မှု၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိပါက မိုဘိုင်းစခန်းများ တည်ဆောက်နိုင်ရေးကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ပြည်မဲဆန္ဒနယ်မှ ဦးမျိုး (ခ) ဦးမျိုးအောင်၏ မြို့နယ်အလိုက်အသုံးပြုနေသော အင်တာနက် ဝိုင်ဖိုင်ကြိုးများ စနစ်တကျသွယ်တန်းဆောင်ရွက်ခြင်းနှင့် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖိုက်ဘာကေဘယ်များ စနစ်တကျသွယ်တန်းဆောင်ရွက်နိုင်ရေး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ကြီးကြပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ရှုပ်ထွေးလာသော ဖိုက်ဘာကေဘယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကိုအစီအမံဖြင့် ယခုစတင်ပြီး ဖိုက်ဘာကေဘယ်များ ရှင်းလင်းခြင်း၊ ဆက်သွယ်ရေးတိုင်များ များပြားရှုပ်ထွေးနေမှုအား Port Sharing လုပ်ခြင်းဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်စေရန်ဆောင်ရွက်ခြင်း၊ မြေပေါ်ရှိ ဖိုက်ဘာကေဘယ်များအားမြေအောက်သို့ ပြောင်းရွှေ့တည်ဆောက်ခြင်းကို စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားသည်။

 

ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးခင်မောင်ထွန်း၏ ဖောင်းပြင်မြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူ များမှာ MPT ၊ ATOM ၊ U9 ၊ MYTEL တို့၏ မိုဘိုင်းကွန်ရက်များ ယနေ့အထိ အသုံးပြု၍မရပါသဖြင့် အော်ပရေတာ ၄ ခုအနက်မှ အော်ပရေတာတစ်ခုကို ဆက်သွယ်အသုံးပြုခွင့်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဖောင်းပြင်မြို့နယ်တွင် MPT၊ ATOM၊ U9 ၊ Mytel မိုဘိုင်းဆက်သွယ်ရေးစခန်းများနှင့်ချိတ်ဆက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့သော် ဒေသတွင်း တိုက်ပွဲများကြောင့် ဖောင်းပြင်မြို့သို့ ချိတ်ဆက်ထားသော ပျဉ်ကိုင်း - ဖောင်းပြင်ကြားရှိ ဖိုက်ဘာဆက်ကြောင်း၊ ကလေး-ခမ်းပတ်-ဖောင်းပြင် အရန်မိုက္ကရိုဝေ့ဆက်ကြောင်းတို့ ပြတ်တောက်ခဲ့ပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ရပ်ဆိုင်းသွားခဲ့ပါကြောင်း။

 

ဖိုက်ဘာဆက်ကြောင်းများနှင့် မိုက္ကရိုဝေ့ဆက်ကြောင်းများ သွားရောက်ပြုပြင်ဆောင်ရွက်နိုင်ရန် အတွက် ယခုအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုပေါ်မူတည်၍ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ တရားမဝင်လောင်းကစား Website နှင့် Application များမှတစ်ဆင့် လောင်းကစားပြုလုပ်သူများသည် Digital E-Money များဖြင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါ E-Money အကောင့်များအား ဖော်ထုတ်ဖျက်သိမ်းပေးရန်နှင့် ၎င်းတို့အသုံးပြုသော Mobile Phone နံပါတ်များအား ဖျက်သိမ်းပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးဦးသက်ဝင်းအောင်က အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အမြစ်ပြတ်အရေးယူဆောင်ရွက်နိုင်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ Slot Game နှင့် လောင်းကစားအေးဂျင့်များ ကြော်ငြာနေခြင်းနှင့်ပတ်သက်ပြီး လောင်းကစား Website နှင့် Application များအား ပြည်တွင်း Internet Gateway များမှ ပိတ်ပင်တားဆီးထားရန် အင်တာနက်ဝန်ဆောင်မှုပေးလျက်ရှိသည့် ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

Slot Game များကို ကြော်ငြာလက်ခံ၊ ရိုက်ကူးထုတ်လွှင့်ခဲ့သည့် သရုပ်ဆောင်များ/ အခြားထင်ပေါ်ကျော်ကြားသူများကိုလည်း တရားဥပဒေနှင့်အညီ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုကွန်ရက်ပလက်ဖောင်းများမှတစ်ဆင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၏ နောက်ကွယ်ရှိ ဆိုက်ဘာလိမ်လည်မှုအန္တရာယ်များ၊ ငွေကြေးဆုံးရှုံးနိုင်ခြေများနှင့် ကိုယ်ရေးအချက်အလက်ခိုးယူခံရနိုင်သည့် အခြေအနေများကို ပြည်သူလူထုထံသို့ သတိပေးထုတ်ပြန်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးအောင်လင်းလှိုင်၏ ကုမ္ပဏီများက WIFI လိုင်းများ၊ Internet Package များ ရောင်းချရာတွင် မူလစာချုပ်ပါစည်းမျဉ်းများတွင် မည်ကဲ့သို့ချုပ်ဆိုထားသည်ကို တိကျစွာအသေးစိတ် ရှင်းလင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လိုသောကုမ္ပဏီများကို စိစစ်၍ လုပ်ငန်းလိုင်စင်များချထားပေးပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသုံးပြုသူများမှ အင်တာနက်လိုင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသည့် ကုမ္ပဏီများနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ဆောင်မှုအမျိုးအစားအလိုက် ရယူအသုံးပြု နိုင်မည်ဖြစ်ပါကြောင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ပါက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားရမည်ဖြစ်ပါကြောင်း။

 

ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ ပြင်ဆင်ပေးခြင်းမရှိပါက အင်တာနက်လိုင်း ပြတ်တောက်သည့် အချိန်ပေါ်မူတည်၍ လျော်ကြေးငွေ ပြန်လည်ပေးဆောင်စေရန် (သို့မဟုတ်) အင်တာနက်လိုင်းပြတ်တောက်သည့် ကာလအတိုင်း အစားထိုးဝန်ဆောင်မှု ပေးအပ်ရန် သက်ဆိုင်ရာကုမ္ပဏီများသို့ ညှိနှိုင်းတောင်းဆိုဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ညှိနှိုင်းတောင်းဆိုသော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဖြည့်ဆည်းမှုမရှိပါက ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

အုတ်ဖိုမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနား မြေသားလမ်း ၃/၄ မိုင်အား အမာခံလမ်းအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက မကျီးပင်-ဗြန့်ကြီး-ကင်မွန်းခြုံ-ချောင်းနား မြေသားလမ်း ၃ မိုင် ၄ ဖာလုံကို အဆင်ပြေချောမောစွာသွားလာနိုင်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပြီး လမ်းအကျယ် ၈ ပေ အပိုင်းအတွက် လမ်းတာပေါင်ချဲ့ခြင်းနှင့် အမာခံဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

 

ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှု ဦးစားပေးအလိုက် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကျိုက်ထော် (တောင်) ကျေးရွာ၊ တာတဇင်ကျေးရွာ များ၏ ကျေးရွာချင်းဆက်လမ်းသည် ပေ ၄၆၂ဝ ရှည်လျားပြီး ၂၂ ပေအကျယ် မြေသား တာပေါင်ချဲ့၍ ၎င်းလမ်းပေါ်တွင် ၁၂ ပေအကျယ်၊ ၇ ပေအမြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကော့မှူးမြို့နယ် ကျိုက်ထော်(တောင်)-တာတဇင်လမ်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရှည် ၇ ဖာလုံ ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပျက်စီးလျက်ရှိပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ကုန်ထုတ်လုပ်မှု၊ အကျိုးပြုမှုများအပေါ် အခြေခံပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေပေါ်မူတည်၍ ဦးစားပေးလျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်းမြို့နယ် အုတ်ဆွဲ-ရင်းတိုက်တန်း- နှောကုန်း ၂ မိုင် ၆ ဖာလုံ ကုန်ထုတ်မြေနီလမ်းအား ကျောက်ချောမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက သဲကုန်းမြို့နယ် အုတ်ဆွဲ-ရင်းတိုက်တန်း-နှောကုန်း ၂ မိုင် ၆ ဖာလုံလမ်းသည် လမ်း အရှည် ၂ မိုင်သည် မြေနီလမ်းအမျိုးအစားဖြစ်ပြီး ကျန် ၆ ဖာလုံမှာ မြေသားလမ်းအမျိုးအစား ဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်ကွင်းဆင်းစစ်ဆေးချက်များအရ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ၂ မိုင်သည် လမ်းကြောင်းပြတ်တောက်မှုမရှိဘဲ ကောင်းမွန်စွာအသုံးပြုလျက် ရှိနေပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ထားသောလမ်းအပိုင်း ၆ ဖာလုံအား မြေသားတာပေါင်ချဲ့တင်၍ မြေနီခင်းခြင်းလုပ်ငန်းအား ဦးစားပေးလျာထား တင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ မင်းလှမြို့နယ် သရက်တပင်တာဆုံ - စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာသို့ ဆက်သွယ်သည့် အရှည် ၈၇၅၂ ပေ၊ အကျယ် ၂၂ ပေ၊ အမြင့် ၃ ပေခွဲခန့်ရှိသော ဂဝံလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မင်းလှမြို့နယ် သရက်တပင် တာဆုံ-စိန်ကန့်လန့်လမ်းမှ ပတ်တန်းကျေးရွာအထိ လမ်းအရှည် ၂ မိုင် ၁ ဖာလုံကျော်ရှိပြီး လက်ရှိ လမ်းအခြေအနေသည် ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေအပေါ်မူတည်၍ လမ်းလွှာအဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့ထားသည့် “အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဇွန် ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်