တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပအမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက်အမှာစကားပြောကြား

ရန်ကုန်  ၁၁  ဒီဇင်ဘာ

 

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ (The 3rd Asia – Pacific Water Summit – 3rdAPWS ) ကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

 

ရှေးဦးစွာ အမျိုးသားအဆင့် ရေအရင်းအမြစ်   ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က  အမှာစကားပြောကြားရာတွင် ရေသည် အသက်ရှင်သန်မှု နှင့် ဂုဏ်သိက္ခာအပြင်အစားအစာထုတ်လုပ်ရေး၊ ရေကြောင်း ဆက်သွယ်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ စက်ရုံသုံးအိမ်သုံးများအတွက် လည်းကောင်း၊ ငါးဖမ်း လုပ်ငန်းများအတွက်လည်းကောင်း၊ ခရီးသွားလုပ်ငန်းများ အစရှိသည့် စီးပွားရေး လုပ်ငန်းအမျိုးမျိုး အတွက်အသွင် အမျိုးမျိုးဖြင့် ဝင်ငွေရနိုင်စေသည့် အရင်းအမြစ် တစ်ခုဖြစ်ကြောင်း၊ မိမိတို့၏ အသက်ရှင် ဖြစ်တည်မှု၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်၏ အခြေခံကျသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ အခြား တစ်ဘက်တွင်လည်း ရေနှင့်ပတ်သက်သော သဘာဝဘေးအန္တရာယ်များ သည်မိမိတို့၏ အသက်များ၊ ချမ်းသာကြွယ်ဝမှုများနှင့် ပိုင်ဆိုင်မှုများကို ခြိမ်းခြောက်လျှက်ရှိပြီး GDP၏ နိုင်ငံအစိတ်အပိုင်း တစ်ခုတို့တွင် စီးပွားရေးဆုံးရှုံးမှုများကိုဖြစ် ပေါ်စေပါကြောင်း။

 

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများနှင့် မြန်မာပြည်သူလူထုတို့၏ လူနေမှုဘဝ ဆက်လက် ကောင်းမွန် စေရေးတို့သည် မိမိတို့၏ ရေအရင်းအမြစ်ဖွံ့ဖြိုးစေမှု ၊ရေအသုံးချမှု၊စီမံခန့်ခွဲမှု နှင့်ထိန်းသိမ်းမှု၊ ရေနှင့်ဆက်နွယ်သည့် သဘာဝ ဘေးအန္တရာယ်ကာကွယ်မှုတို့ အပေါ်တွင် များစွာမှီတည်လျှက်ရှိပါကြောင်း၊ ရေကဏ္ဍသည် ၎င်း၏ကဏ္ဍအတွက် အရေးပါသကဲ့သို့ အခြားသော ကဏ္ဍများနှင့်လည်း နီးကပ်စွာ ဆက်နွယ်နေပါကြောင်း။

 

မြန်မာနိုင်ငံသည် ယေဘုယျအားဖြင့် လူဦးရေအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရန်အတွက် လည်းကောင်း၊ လုံလောက်သော ရေအရင်းအမြစ်ရှိသည်ဟု ဆိုနိုင်ပါ ကြောင်း၊ လက်တွေ့၌မူ အာရှ-ပစိဖိတ်ဒေသရှိ မိတ်ဆွေနိုင်ငံများကဲ့သို့ ရေနှင့်ဆက်နွယ်သည့် ပြဿနာများကို ခံစား နေရပါကြောင်း၊ ရေအများအပြားရှိခြင်း၊ ရေရရှိနိုင်မှုနည်းပါးခြင်း၊ မသန့်ရှင်းသော ရေများရှိနေခြင်း စသည့် ပြသနာများ ပင်ဖြစ်ပါကြောင်း။ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် လိုအပ်သကဲ့သို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများမှစုပေါင်း ဆုံးဖြတ်သည့် မူဘောင်တစ်ခုဖြင့် ထိရောက် ကောင်းမွန်သော ရေသုံးစွဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ရေသိုလှောင် မှု၊ ဝန်ကြီးဌာန အလိုက်မျှတစွာ ရေခွှဲဝေသုံးစွဲမှု  ၊ ဖွံ့ဖြိုးပြီးပြည်နယ်/ တိုင်းဒေသကြီး များနှင့် ဖွံ့ဖြိုးဆဲ ပြည်နယ်/ တိုင်းဒေသကြီးများမျှတ မှန်ကန်သောရေနှင့် ဘတ်ဂျတ် ခွဲဝေသုံးစွဲမှုတို့ လုပ်ဆောင်ရန်လိုအပ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ငလျင်ဒဏ်များမကြာခဏ ခံစားရလေ့ရှိပြီး၊ ရေနှင့် ဆက်နွယ်သော ပြင်းထန်သည့် ရာသီဥတုများဖြစ်သည့် ဆိုင်ကလုံးမုန်တိုင်းများ၊ ကာလရှည်ကြာ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ရေရှားခြင်းတို့သည် ဆုံးရှုံးမှု များကို ဖြစ်ပေါ်စေသည့်အပြင် မြေပြိုခြင်းကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊ ရေအရည်အသွေး ထိန်းသိမ်းမှုနှင့် ရေဆိုးရေညစ် စီမံခန့်ခွဲမှုတို့ကို ခြိမ်းခြောက်လျှက်ရှိပါကြောင်း၊ ရေနှင့်သက်ဆိုင်သော ပြဿနာအများအပြားရှိပြီး စိန်ခေါ်မှုများကိုလည်း အခြားသော အာရှ-ပစိဖိတ် ဒေသရှိနိုင်ငံများကဲသို့ ရင်ဆိုင်နေရပါကြောင်း၊ ညီလာခံတွင် ဆွေနွေးမည့်ခေါင်းစဉ် (၁၀) ခုသည် မြန်မာနိုင်ငံနှင့်တကွ မိတ်ဖက်နိုင်ငံများကိုပါ များစွာအကျိုးဖြစ်ထွန်းစေလိမ့်မည် ဖြစ်ပါကြောင်း၊ ယင်းတို့မှ  ရေစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးတို့ ပိုမို ကောင်းမွန်စွာ တည်ဆောက်နိုင်စေရန်အတွက်  အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု ကဏ္ဍခေါင်းစဉ်ဖြင့်  ကူညီအကျိုး ပြုနိုင်ရန် ပြင်ဆင်ထားရှိပါကြောင်း။

 

နောက်ဆုံးအကြိမ် ကမ္ဘာစီးပွားရေး Forum အရ ရေနှင့်ပတ်သက်သည့် အန္တရာယ်သည် တတိယမြောက် ကမ္ဘာ့အန္တရာယ်တွင် တည်ရှိနေပြီး ယင်းတွင် နိုင်ငံအများအပြား ပတ်သက်လျှက်ရှိကြောင်း၊ မြန်မာသည်လည်း ၎င်း အန္တရာယ်ထဲတွင် ပါဝင်ပါကြောင်း၊ ၂၀၃ဝ ခုနှစ်တွင် ကမ္ဘာသည် လက်ရှိထောက်ပံ့သော ရေပမာဏ၏ ၄၀ ရာခိုင်နှုန်းနှင့် အထက် ပိုမိုလိုအပ်မည် ဖြစ်ပါကြောင်း၊ ၂၀၅ဝခုနှစ်တွင်၅၅ ရာခိုင်နှုန်း ပိုမိုလိုအပ်လိမ့် မည်ဖြစ် ပါ ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရေပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်ကို လိုအပ်ပါကြောင်း၊ ရေလုံခြုံရေး ခေါင်းစဉ်၏ ရှုထောင့်မှနေ၍ ရေထိရောက်စွာ သုံးစွဲမှုအတွက် မဟာဗျူဟာကျသည့် ကဏ္ဍမှာ မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်လာသည်နှင့်အမျှမြစ်ရေလျှံမှု  အန္တရာယ်တိုးပွားလာခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ၏ လမ်းကြောင်းပြောင်းခြင်း၊ ပမာဏပိုမိုကြီးလာခြင်းနှင့် ကာလကြာရှည် မိုးခေါင် ရေရှား ဖြစ်ခြင်းတို့သည် ရေအရင်းအမြစ်စီမံခန့်ခွဲရေး အရင်းအမြစ်အတွက် စီမံကိန်းများချမှတ်ခြင်းနှင့် ယင်းစီမံကိန်းတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းတို့အတွက် အဓိကအကြောင်း အရင်းတစ်ရပ်ဖြစ် လာစေပါကြောင်း၊ သို့သော်လည်း နိုင်ငံ GDP တိုးရန်အတွက် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းဖြင့်လည်း မဖြစ်နိုင် သောကြောင့် အရေးကြီးသော ဒေသများကိုသာ နိုင်ငံဖွံ့ဖြိုးမှုအစီအစဉ်ထဲတွင် ခွဲတမ်းချ ဆောင်ရွက် နေပါကြောင်း။

 

နိုင်ငံပိုင်ကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍသို့ ရုတ်တရက်ကူးပြောင်းရာတွင် လက်ရှိ ရေဆိုင်ရာ စက်မှုလုပ်ငန်းများ ယှဉ်ပြိုင်မှု တိုးတက်လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ် ထိန်းသိမ်းမှုများအား ပြန်လည်ပြုပြင်ခြင်းများ ပိုမိုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကငွေကြေး မြှုပ်နှံမှုသည် ရေအခန်း ကဏ္ဍတစ်ခုလုံးအား အုပ်ချုပ်မှုနှင့် ထိရောက်မှု တိုးတက်စေရန်အတွက် အဓိက နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။

 

ရေစနစ်များအား ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းသည် နိုင်ငံတိုင်းအတွက် အခြေခံ အကျဆုံး ရည်မှန်းချက်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အချက်ပင်ဖြစ်ပါကြောင်း၊ ပြည့်စုံကောင်းမွန်သော ရေအရင်းအမြစ် စနစ်ဆီသို့ ရောက်ရှိနိုင်ရန်အတွက် မျိုးဆက်သစ် ရေဘက်ဆိုင်ရာ ခေါင်းဆောင်မှုများနှင့်အတူတကွ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Capacity Building)သည် မရှိမဖြစ် အရေးပါပြီးစိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန်နှင့် နိုင်ငံအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး မဟာမိတ်များဖွဲ့စည်းရန် လိုအပ်ပါကြောင်း။

 

ယခု တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံမှ ထွက်ပေါ်လာသော အကျိုး ရလာဒ်များသည် ဒေသတွင်း ရေလုံခြုံရေးအတွက် အမျိုးသားရည်မှန်းချက်နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အား အောင်မြင် စွာ ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဓိပ္ပာယ်ပြည့်ဝသော "ရန်ကုန်ကြေငြာချက်စာတမ်း‘ကို ကျွန်ုပ်တို့ ၏ ယေဘုယျအမြင်များနှင့် အခြေအနေများအတိုင်း ထုတ်ဝေနိုင်ရန်အတွက် အကျိုးဖြစ်ထွန်းသော ဆွေးနွေးချက်များ ပေါ်ထွန်းလာစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံမှ Senior Minister and National Security  Advisor , Former President H.E. Mr. Jose Ramos – Horta ၊ ကမ္ဘောဒီးယားနိုင်ငံမှ Minister of Water Resources and Meteorology H.E. Mr. Lim Kean Hor ၊ ဂျပန်နိ်ုင်ငံမှ Minister of Land , Infrastructure , Transport and Tourism H.E.Mr.Keiichi Ishii  ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ Minister of Natural Resources and Environment H.E.Mr. SommadPholsena၊ အိန္ဒိယသမ္မတနိုင်ငံမှ  Minister of state  and Housing  and  Urban  Affairs H.E.Hardeep  Singh  Puri ၊မလေးရှား နိုင်ငံမှ  Minister  of   Energy Green Technology and Water , H.E. Dr. Maximus JohnityOngkili ၊ ထိုင်းနိုင်ငံမှ Minister of Natural Resources and Environment H.E. General SurasakKarnjanarat နှင့် ဘရူနိုင်းဒါရုစလမ်နိုင်ငံမှ Acting Minister of Development H.E. Mr. SuhaimiGafar တို့က  အမှာစကား  ပြောကြားကြသည်။

 

မွန်းလွဲပိုင်းတွင် အာရှ-ပစိဖိတ်နိုင်ငံများမှ ကိုယ်စားလှယ်များကသက်ဆိုင်ရာ ကဏ္ဍများအလိုက် စကားဝိုင်း ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ရေသံသရာ လည်ပုံကို ပြန်လည်ရှင်သန်စေရန် မိုးရေစုဆောင်းခြင်းနှင့် မြေအောက်ရေစီမံခန့်ခွဲခြင်း၊ ရေရှည်တည်တံ့နိုင်မည့် မြို့ပြရေပေးဝေရေးစနစ် စီမံအုပ်ချုပ်မှု၊ ပိုမို ကောင်းမွန်သော ရေစီမံအုပ်ချုပ်မှု သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သော ရေဘက်စုံစီမံခန့်ခွဲမှုနှင့် ရေစီမံအုပ်ချုပ်မှု လက်တွေ့ အကောင်အထည်ဖော် ဆောင်ရာမှ ကောင်းမွန်သော ဥပမာများကိုတင်ပြခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေဘေးအန္တရာယ်များကို တောင်ပေါ်မြေမြင့်အရပ်မှ ပင်လယ်ထဲရှိ ကျွန်းများဆီအထိ ခြုံငုံလေ့လာခြင်း၊     ရေ၊စွမ်းအင်၊အစားအစာ၊ ဂေဟစနစ်တို့၏ ပတ်သက် ဆက်နွယ်မှု ကိုလေ့ လာခြင်း၊ သန့်ရှင်းရေးနှင့် ရေဆိုးများကိုစနစ်တကျ စီမံခန့်ခွဲခြင်းကို ပိုမိုတိုးတက်အောင် ပြုလုပ်ခြင်း၊ ရေဖူလုံမှု ရရှိရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အမျိုးသမီး များနှင့် လူငယ်တို့၏ အခန်းကဏ္ဍ စသည့်ခေါင်းစဉ်များကိုဆွေးနွေးကြသည်။

 

ညပိုင်းတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဌ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပသောတတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ (The 3rd Asia – Pacific Water Summit – 3rdAPWS )သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ အား တည်ခင်းသည့်  ဂုဏ်ပြုညစာစားပွဲကို တက်ရောက်သည်။    

 

တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံကို နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီး  နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကိ်ုယ်စားလှယ် ၆၀ဝ ခန့် တက်ရောက်ကြသည်။

 

(သတင်းစဉ် )