နေပြည်တော် ဧပြီ ၂၀

 

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေးသင့် ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China၊ Cargo Flight (ကယ်ဆယ်ရေး ပစ္စည်း) လေယာဉ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သတ္တမအကြိမ်မြောက် ထပ်မံ ရောက်ရှိလာခဲ့သည်။

 

လက်ခံကြိုဆို

အဆိုပါ Air China ၊Cargo Flight (ကယ်ဆယ်ရေးပစ္စည်း) လေယာဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆေးပစ္စည်းများ စုစုပေါင်း ပုံး ၆၀၃၀၊ ၉၃၂၃၅ kg ပါရှိပြီး ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့် တာဝန်ရှိသူတို့ လိုက်လံကြည့်ရှု၍ လက်ခံကြိုဆိုကြသည်။

 

ဆက်လက်ပို့ဆောင်

အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေး ပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော် ယာဉ်များပေါ်သို့ တင်ဆောင်ကြသည်။

 

ထို့နောက် ငလျင်ဘေးသင့် ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ နေပြည်တော်သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်