တရုတ်ပို့ကုန်များအပေါ် နောက်ထပ်အခွန်တိုးမြှင့်မှုများကို အမေရိကန်ရွှေ့ဆိုင်း

ပေကျင်း  ၁၃  အောက်တိုဘာ

တရုတ်ကိုယ်စားလှယ်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ကုန်သွယ်ရေးဆွေးနွေးပွဲပြုလုပ်ပြီး နှစ်ရက်အကြာတွင် တရုတ်ပို့ကုန်ပစ္စည်းများအပေါ် နောက်ထပ်အခွန်စည်းကြပ်မှုကို အမေရိကန်ဘက်မှ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူများသည် သဘောတူညီမှုတစ်ခုရအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အဆိုပါသဘောတူညီမှုတွင် အမေရိကန်မှ စိုက်ပျိုးရေးပစ္စည်းများ ဝယ်ယူမှုတိုးမြှင့်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာ ခိုးယူမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို ဖြေရှင်းရန်တို့ ပါဝင်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

တရုနိုင်ငံဘက်မှ စေ့စပ်ညှိနှိုင်းသူ လျူဟီသည် ယခုလိုတိုးတက်မှုများရှိလာသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောပြခဲ့သည်။ အမေရိကန်သည် လာမည့်သီတင်းပတ်အတွင်း တရုတ်ကုန်ပစ္စည်းများကို ၃၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သဘောတူညီမှုတစ်ခုရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ သဘောတူညီမှုကို စာချုပ်အဖြစ်ပြောင်းလဲနိုင်အောင် ကြိုးစားလျက်ရှိကြောင်း၊ အခြားသော ကုန်သွယ်ရေးကိစ္စများကိုလည်း ဆွေးနွေးသွားရန် စေ့စပ်ညှိနှိုင်းသူများက ကြိုးစားလျက်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ဒီဇင်ဘာလတွင် ချီလီမြို့၌ ကျင်းမည့် ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ကုန်သွယ်ရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်ထားကြောင်း ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့သည် လွန်ခဲ့သည် ၁၅ လတာကာလအတွင်း နှစ်နိုင်ငံစလုံးမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို အပြန်အလှန် လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန်ဘက်မှလည်း အမေရိကန်၏ အသိပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ပိုမိုကာကွယ်လိုပြီး ဆိုက်ဘာအချက်အလက်များ ခိုးယူခြင်းနှင့် တရုတ်ကုမ္ပဏီကြီးများဆီ နည်းပညာလွှဲပြောင်းပေးမှုကို အဆုံးသတ်စေလိုသည်။

ဘီဘီစီ