တရုတ်ဈေးကွက်အနေအထားကို သိရှိနိုင်ရန် သရက်သီး စမ်းသပ်တင်ပို့နေ ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၁၄၀အထိ ဈေးရရှိ

ရန်ကုန် မေ ၁

 

တရုတ်နိုင်ငံရှိ ဈေးကွက်အနေအထားကိုသိရှိနိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေပြီး ၁၆ကီလိုတစ်ခြင်းလျှင် ယွမ် ၁၄၀အထိ ဈေးရရှိနေကြောင်း  သရက်တင်ပို့နေသည့် သစ်သီးပွဲရုံတစ်ခုမှ သိရသည်။

 

လက်ရှိတွင် ၎င်းတို့အနေဖြင့်  ပြည်တွင်းထွက်သရက်သီး  တန်၃၀ခန့် တရုတ်ဘက်သို့စမ်းသပ်တင်ပို့ထားပြီး လက်ရှိပေါက်ဈေးအရ  ဈေးနှုန်းမှာ ၁၆ကီလိုတစ်ခြင်းကို ယွမ် ၁၀၀ မှ  ယွမ် ၁၄၀ အတွင်း ရောင်းနေရကြောင်းလည်း အဆိုပါ သစ်သီးပွဲရုံမှ တာဝန်ရှိကပြောကြားသည်။

 

"အခုကတော့ တရုတ်ကို သရက်စမ်းသပ်ပို့နေတဲ့ အနေအထားမှာရှိတယ်။ ဈေးနှုန်းကတော့ ၁၆ကီလိုတစ်ခြင်းကို ယွမ်၁၀၀ကနေ ယွမ် ၁၄၀ အတွင်း ရောင်းရတယ်။ တစ်ခြင်းကို အလုံး ၅၀လောက်ပါတယ်။ ဈေးနှုန်းကတော့ ပုံမှန်လောက်တော့ ရှိတယ်။ ‌တစ်ခုက လမ်းခရီးကြန့်ကြာမှုတွေလည်းရှိတော့ အသီးကမလတ်ဆတ်တာ‌​တွေဆိုရင် ရေရှည်အတွက်တော့ အန္တရာယ်ရှိတာပေါ့နော်။ အသီးမှည့်လာပြီဆိုရင်တော့ သိပ်ပြီးတော့ ဈေးနှုန်းကမရနိုင်ဘူးပေါ့" ဟု ယင်းက ဆိုသည်။

လက်ရှိ တရုတ်ဘက်သို့ မိုင်းလားဘက်လမ်းကြောင်းမှ သရက်သီးတင်ပို့နေရပြီး လမ်းခရီးအနေဖြင့် ၄ရက်ခန့်အထိကြာမြင့်၍ သရက်သီး အရည်အသွေး ကောင်းမွန်မှသာ ဈေးကောင်းရရှိနိုင်ကာ ကုန်ကျစရိတ်၊ ရာသီဥတုအပူချိန်၊ လမ်းခရီးကြန့်ကြာမှုကြောင့် ပြည်ပသို့တင်ပို့ရန် ဈေးကွက်အခြေအနေကို စောင့်ကြည့်မှုများလည်း ရှိနေကြောင်း သိရသည်။

 

မြန်မာ့သရက်သီးကို ဧပြီလမှစ၍ ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး တရုတ်ဘက်သို့ ပြီးခဲ့သည့်နှစ်များတွင် တစ်ရက်လျှင် တန်ချိန် ၂၀၀၊၃၀၀ ခန့်အထိ တင်ပို့မှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း ‌လမ်းခရီးကြန့်ကြာမှု၊ ခရီးစရိတ်မြင့်မားမှုများ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ်သာ တင်ပို့နိုင်ကြောင်းလည်း သိရသည်။

 

"အခုကတော့ အရင်နှစ်‌တွေကလို တစ်ရက်ကို တန်ချိန် ၂၀၀၊ ၃၀၀သွားတာမဟုတ်ဘူး။ တန်ချိန်နည်းနည်းစီပဲ ပို့နိုင်တယ်။ ဒီတော့ အခုကတော့ နည်းနည်းစီပဲတင်ပို့နေတော့ ဈေးကွက်ကလည်းမဆိုးပါဘူး၊ ကောင်းပါတယ်"ဟု ၎င်းက ပြောသည်။

 

သရက်စိုက်တောင်သူများ အနေဖြင့်လည်း မြေဩဇာ၊ အိတ်စွပ်ခ၊ အလုပ်သမားငှားရမ်းခ အပြင် အဘက်ဘက်မှ ကုန်ကျစရိတ် မြင့်မားလာမှုကြောင့် ‌သရက်ဈေးကောင်းရရှိစေလိုသည့် ဆန္ဒရှိကြောင်းလည်း သိရသည်။

 

ယခုနှစ်အတွင်း ပြည်ပသို့တင်ပို့ရန် ခရီးစရိတ်မြင့်မားမှုများရှိသလို နယ်စပ်မှ တင်ပို့မည်ဆိုလျှင်လည်း လမ်းခရီးကြန့်ကြာမှုများရှိသဖြင့် ဈေးကွက်ထဲသို့ ရောက်ရှိချိန်တွင် အသီးမလှတော့ဘဲ နာသွားပါက ဈေးကောင်းမရရှိနိုင်တော့၍ ပြည်တွင်းဈေးကွက် ပိုဖြစ်ရန် အလားအလာရှိသည်ဟု ထင်မြင်မိပြီး ပြည်ပသို့တင်ပို့နေသူ အချို့၏ အခြေအနေကိုလည်း စောင့်ကြည့်ရမည်ဟု မြန်မာနိုင်ငံ သရက်သီးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

 

MT