တရုတ်အနောက်မြောက်ပိုင်း၌ လမ်းပြိုမှုကြောင့် ခြောက်ဦးသေ၊ လေးဦး ပျောက်ဆုံး

ရှီနိုင် ၁၅ ဇန်နဝါရီ 

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျင်ဟိုင်းပြည်နယ်တွင် ယမန်နေ့က လမ်းပြိုကျမှုတစ်ခု ဖြစ်ပွားပြီးနောက် သေဆုံးသူ ခြောက်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူလေးဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့ ပြောကြားသည်။

လူ ၁၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဒဏ်ရာရရှိသူများမှာ အခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း ကျင်ဟိုင်း ပြည်နယ်၏ မြို့တော်ရှီနှင်မြို့ရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဗျူရိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

အဆိုပါဖြစ်ရပ်မှာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှီနင်မြို့ရှိ လမ်းမကြီးတစ်ခု၏ လမ်းပိုင်းတစ်ခု ပြိုကျခဲ့ကာ ပြည်သူပိုင်ဘတ်စ်ကားတစ်စီး အပေါက်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။ ပြိုကျခဲ့သော လမ်းမကြီး ဧရိယာမှာ စတုရန်းမီတာ ၈၀ ဝန်းကျင်ရှိသည်။ ယနေ့နံနက်ပိုင်းတွင် ဘတ်စ်ကားကို ပြိုကျခဲ့ရာ အပေါက်အတွင်းမှ ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ကယ်ဆယ်ရေးသမား ၁၀၀၀ ကျော်နှင့် ယာဉ်အစီး ၃ဝ ကို လမ်းပြိုမှုဖြစ်ရာနေရာသို့ စေလွှတ်ခဲ့သည်။ သေဆုံး သူများ မည်သူမည်ဝါဟု ဖော်ထုတ်မှုကို ဆောင်ရွက်နေဆဲဖြစ်ပြီး လမ်းပြိုမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ၊ 
ဘာသာပြန် - ကျော်ထိုက်စိုး