တရားဥပဒေစိုးမိုးမှ တိုးတက်ဖွံ့ဖြိုး

၁၁ မတ်

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးမှုရှိခြင်းသည် အထူးအရေးကြီးသည့် အချက်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့် အကျိုးကျေးဇူးများ ရှိသည်။ တရားဥပဒေ စိုးမိုးမှုရှိသည့် တည်ငြိမ်အေးချမ်းသော နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပြီး တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် မတည်မငြိမ်ဖြစ်နေသော နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဆိတ်သုဉ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မတ်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထား ပြောကြားခဲ့သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့်နိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုရှိ၊ မရှိ၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိ၊ မရှိ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ခိုင်မာအားကောင်းမှုရှိ၊ မရှိ စသည့်အချက်များကို သေချာဂဏ လေ့လာသုံးသပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုပြုကြသည်။

 

မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်အတွင်း စိန်ခေါ်မှုများ၊ အခက်အခဲ အနှောင့်အယှက်များရှိသော်ငြားလည်း တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အပြည့်အဝဖြစ်ထွန်းမှု မရှိသော်လည်းပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ အလားအလာကောင်းများ ဖြစ်ထွန်းနေသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီလလယ်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၇၀ ကျော်အပါအဝင် ငွေကျပ် ၃၂၇၉ ဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရသည်။

 

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ၅ ဒသမ ၂ ဘီလီယံကျော် ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၉၅၅ ဒသမ ၄၇၄ သန်းဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂၃၅ ဒသမ ၇၆၄ သန်းဖြစ်သည်။

 

ရင်းနှီးမြှုပ်နှံသူများဘက်မှ ရင်းနှီးမြှုပ်နှံမှုဥပဒေ ခိုင်မာအားကောင်းမှုနှင့်အတူ ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်များ၊ အကျိုးရလဒ်များကို ကြည့်ရှုသည့်အပြင် ရင်းနှီးမြှုပ်နှံမည့်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကိုလည်း ကြည့်ရှုကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်း၏တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိမှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်၊ ပြည်တွင်းစားသုံးမှု လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ဆောင်ရွက်မှု အစီအမံ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆဲဥပဒေတို့ကို လိုက်နာမှုများကို အခြေခံဆောင်ရွက်သည်ကို တွေ့ရသည်။

 

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားသော နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျမသွားဘဲ တိုးတက်ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။ တရားဥပဒေ စိုးမိုးရေး ယခုထက် ပိုမိုခိုင်မာ အားကောင်းမှုရှိလျှင် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့်အညီ တန်းတူရည်တူ ယှဉ်ပြိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဥပဒေအရ အကာအကွယ်ပေးမှု၊ အငြင်းပွားမှုများရှိခဲ့လျှင် မျှတစွာဖြေရှင်းပေးနိုင်မှု၊ လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိသည့် ဥပဒေမူဘောင်များရှိမှု စသည်တို့ကို အာမခံနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အာမခံချက်ရှိသော ဥပဒေများသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်ရေးအတွက် အခြေခံကောင်းများ ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားများ ဖြစ်သောကြောင့် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။     ။

 

(ကြေးမုံ)