တရားထိုင်နေတဲ့ ဘုန်းကြီးတစ်ပါး အိန္ဒိယနိုင်ငံမှာ ကျားသစ်ကိုက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံ မြို့တော် မွန်ဘိုင်းမြို့ရဲ့ အနောက်ဘက် မိုင်၅၁၀ အကွာမှာရှိတဲ့ ရမ်ဒီဂျီသစ်တောထဲမှာ  တရားထိုင်နေတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး ကျားသစ်ကိုက်ခံရလို့ မနေ့က သေဆုံးခဲ့တယ်လို့ ရဲတွေက အတည်ပြုပြောဆိုပါတယ်။ အဲဒီသစ်တောပတ်ဝန်းကျင်မှာ တောကောင်ကိုက်လို့ ဒီလအတွင်း သေဆုံးသူ ၅ ဦး ရှိပြီလို့လည်း ဆက်လက်ပြောကြားပါတယ်။

ဘုန်းကြီး ရာဟုဝေါကီဘောဒီ ဟာ သစ်တောတွင်းက သစ်ပင်အောက်မှာ နံနက်ချိန် တရားထိုင်နေစဉ် ကျားသစ်က ခုန်အုပ်ခဲ့တာလို့ ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ် ဘုန်းတော်ကြီးနဲ့အတူ ကပ္ပိယ နှစ်ဦးလည်း တရားအတူထိုင်နေခဲ့ပေမယ့် ကပ္ပိယနှစ်ဦးက ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သိရပါတယ်။ ကျားသစ် ဆွဲသွားတဲ့ လမ်းကြောင်းအတိုင်း လိုက်ကြည့်တဲ့အခါ သွေးအလိမ်းလိမ်းနဲ့ ဘုန်းကြီးရဲ့ ခန္ဓာကိုယ်ကို တောနက်ထဲမှာ တွေ့ရပါတယ်လို့ ရဲက ရှင်းပြပါတယ်။ 

အဲဒီသစ်တောနားမှာ ကျင်းပမယ့် နှစ်ပတ်လည် ဓမ္မဆွေးနွေးပွဲကို တက်ရောက်အဖို့ အတွက် ဘုန်းတော်ကြီးများ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲဒီသစ်တောထဲ မသွားဖို့ သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဘူးလို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း တောအုပ်ရှေ့က ဈေးဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ဦးလည်း ကျားသစ်ကိုက်ခံရလို့ အသက်ဆုံးရှုံးခဲ့ပါသေးတယ်။ ကိုက်တဲ့ကျားသစ်က တစ်ကောင်တည်းလားဆိုတာတော့ မသိသေးဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၇ ခုနှစ် ကျားသစ်ကိုက်ခံရလို့ ၄၃၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။ နှစ်စဉ် ကျားသစ်ကိုက်ခံရလို့ ရာနဲ့ချီတဲ့လူတွေ သေဆုံးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

MDN
ကိုးကား- AFP