တရားမဝင် သစ်မျိုးစုံ၊ သစ်သီးမျိုးစုံ၊ မော်တော်ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ မူးယစ်အကူ နှိမ်နှင်းရေးဌာနစုအဖွဲ့မှ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ ဘားအံသို့ သွားရောက်မည့် ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် သစ်သီးမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၇,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော (TOYOTA VOXY) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ သစ်သီးမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၅၀,၀၀၀) နှင့် အဆိုပါ သစ်သီးများ တင်ဆောင်လာသော (TOYOTA Hiace) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း သစ်သီးမျိုးစုံနှင့် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၂၁၇,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော (TOYOTA Dyna) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၈,၇၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

ထို့အတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့နယ်တွင် Honda insight (လိုင်စင်မဲ့) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို လည်းကောင်း၊ မော်လိုက်မြို့နယ်တွင် ကျွန်းသစ် ငါးတန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၇၅၀,၀၀၀) သိမ်းဆည်း၍ မော်တော်ယာဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ကျွန်းသစ်များကို သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများအရ အသီးသီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍  ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများ အတွင်းရှိ တရားမဝင်ကျွန်းသစ် (၁၃ ဒသမ ၇၁၂၂ ) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၂၇,၇၆၀) နှင့် သစ်မာ (၆ ဒသမ ၄၅၄၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈,၁၉၂၀)၊ စုစုပေါင်း တရားမဝင်သစ်မျိုးစုံ (၂၀ ဒသမ ၁၆၇) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၉၀၉,၆၈၀) ကို ဖမ်းဆီးရမိပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ပါ၍ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၆၃၇,၁၈၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်