တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မေ ၂၇

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထို့သို့ဆောင်ရွက်လျက်ရှိစဉ် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေ ၂၁ ရက်တွင် ချောက်မြို့၊ ချောက်ရေနံမြေ၌ တရားမဝင် ရေနံစိမ်းဂါလန် (၃၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀,၀၀၀) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာလမ်းဆုံ၌ လိုင်စင်မဲ့ Luojia 125 မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၅၃၅) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၁၉,၅၀၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ မေ ၂၂ ရက်တွင် သရက်ခရိုင် ကံမ

မြို့နယ်၌ တရားမဝင်အခြားသစ် (၁ ဒသမ ၁၆၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅,၀၂၁) ကို သစ်တောဥပဒေအရလည်းကောင်း၊ မေ ၂၄ ရက်တွင် အောင်လံမြို့နယ် ဘွက်ကြီးတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Taryan Wave 110 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀,၀၀၀) နှင့် ဧရာဝတီတံတား (မကွေး) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၃၂၄,၅၂၇) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မေ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၀၀၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၉၅,၉၃၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ‌ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သံဖြူဇရပ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Deedo လိမ္မော်အချိုရည်ဘူး (၃၆၀၀)၊ ပုစွန်နှစ်ကောင် စားအုန်းဆီ တစ်လီတာပါ ဘူး (၁၂၀၀) အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၂၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် TT Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၆၇၅,၉၃၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၁ ရက်၊ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၀၀၀,၄၅၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်