တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၄)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Ion Marble Tiles (၃၅၃ ဒသမ ၃၈)စတုရန်း မီတာနှင့် Ceramic Tiles (၃၉၂၆ ဒသမ ၈၈)စတုရန်းမီတာ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇,၅၅၃,၂၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ မတ် ၂၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ မံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့နယ်၊ မိုးကောင်း တံတားထိပ်၌ လိုင်စင်မဲ့ Toyota Mazda မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မတ် ၂၀ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၌ တရားမဝင် အခြားသစ် (၆ ဒသမ ၂၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၄,၃၁၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံ တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်(၁)စီးနှင့် Toyota Crown မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၉၄၄,၃၁၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မတ် ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုလဲမြို့သစ်၊အမှတ်(၃) လမ်းမကြီး၊ PT Power ဆီဆိုင်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့်အချိုရည် ပုလင်း (၂၅၀၀) ၊ အဝတ်လျှော်စက် (Used) (၄)လုံး အပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၇၄၅,၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၇၄၅,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မတ် ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လက်ပန်လှ- စဉ့်ကူးယာယီ စစ်ဆေးရေးစခန်း၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများ ဖြစ်သည့် Wire Rod ကီလိုဂရမ်(၆၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈,၉၅၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head(၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မန္တလေးမြို့အဝင်၊ အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီး၌ ဆီသယ်ယာဉ်(၁) စီးပေါ်မှမျှောအရ ပို့ဆောင်ရမည့် အ‌ရောင်းဆိုင်သို့ ပို့ဆောင်ခြင်းမပြုဘဲ နယ်မြေကျော်လွန်၍ သယ်ဆောင်လာသည့် တရားမဝင် စက်သုံးဆီ ပရီမီယံဒီဇယ် လီတာ (၂၃၀၁၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈,၂၁၅,၃၀၀)နှင့် အဆိုပါဆီများ တင်ဆောင် လာသည့် Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲဆီသယ်ယာဉ် (၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃,၁၇၀,၃၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မတ် ၂၁ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ရေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဖာ (၄၀) ၊ Honda PCX 160i မော်တော်ဆိုင်ကယ်(၁)စီး အပါအဝင် မော်တော်ဆိုင်ကယ် (၃)စီးနှင့် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ်(၁ ဒသမ ၃၆၀)တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၅,၂၅၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁,၁၄၅,၂၅၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ မတ် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀,၅၅၈,၇၃၈)ဖြစ်ကြောင်း သတင်းရရှိပါသည်။ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)