တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ မော်တော်ယာဉ်နှင့် အခြားစက်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်အတွင်း သစ်မျိုးစုံ (၃၈ ဒသမ ၅၉၄၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၃,၀၀၀)နှင့် ဇန်နဝါရီ ၁၆ ရက်တွင် တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ တောင်သရက်သစ် (၃ ဒသမ ၃၁၁၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁,၇၉၈)၊ စုစုပေါင်းသစ်မျိုးစုံ(၄၁ ဒသမ ၉၀၅၆)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄,၇၉၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

အလားတူ ဇန်နဝါရီ ၁၉ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၏ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ သတင်းအရစောင့်ဆိုင်းစစ်ဆေးခဲ့ရာ ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာအနီး ရှောင်ကွင်းလမ်း အတွင်းမှ ထွက်ခွာလာသော(King Long) Mini Bus ယာဉ်ပေါ်တွင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၂၀,၀၀၀)၊ YAMAHA FZ-150 ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)၊ HYOSUNG GT-150 ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ယာဉ်အမှတ်၊ 3R-2160 (King Long) Mini Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ်၂၅,၀၀၀,၀၀၀)နှင့် အဆိုပါရှောင်ကွင်းလမ်းမှ ထွက်ခွာလာသော (Higer) Mini Bus ပေါ်တွင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၂၅,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ယာဉ်အမှတ်၊ 4K-9296 (Higer) Mini Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀)၊ စုစုပေါင်း ဖမ်းဆီးရမိမှု(၆)မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၃၄၅,၈၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သံလွင်မြစ်အတွင်း တရားမဝင် ပိတောက်ခွဲသား တန်(၅၀)၊ လှေကြီး(၁)စီးနှင့် ကဲ့လှေ(၂)စီး၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင် ကျွန်းသစ်(၅ ဒသမ ၇၀၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၁၀,၄၈၀)နှင့် အခြားသစ်မျိုးစုံ (၃ ဒသမ ၁၉၅၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃,၇၀၆)၊ စုစုပေါင်း တရားမဝင်သစ်မျိုးစုံ (၈ ဒသမ ၈၉၇၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၉၃၄,၁၈၆) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံထုတ် အင်ဂျင်(၂)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္ထုတွင်းဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက် ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၁၅ ရက်၊ ၁၆ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၄)မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၂၁၄,၇၈၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)