တရားလွှတ်တော်ရှေ့နေများကောင်စီ (မန္တလေး)ရုံးခွဲ ဖွင့်လှစ်

 

မန္တလေး မေ ၂၀

တရားလွှတ်တော်ရှေ့နေများကောင်စီ (မန္တလေး) ရုံးခွဲ ဖွင့်ပွဲအခမ်းအနား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ ၊ ၆၈ x ၇၀ လမ်းကြားရှိ အဆိုပါရုံးခွဲ၌ မေ ၁၈ ရက် နံနက်ပိုင်းက ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာ သီတာဦး တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးခွဲကို ရန်ကုန်တွင်သာမက မန္တလေးရုံးခွဲကိုပါ ဖွင့်လှစ်နိုင်ခဲ့သဖြင့် နှစ်စဉ်ကြေး ကောက်ခံ ရာတွင် ယခင်ထက်ပိုမိုလွယ်ကူမည်ဖြစ်ပြီး နှစ်စဉ်ကြေးများ ပြည့်ဝစွာရရှိလာမည်ဖြစ်သည့်အပြင် ရှေ့နေရှေ့ရပ်များနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု လုပ်ငန်းခွင်ပြင်ပ ကြီးကြပ်ခြင်း (Offsite Monitoring) နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးခြင်း (Onsite Inspection) များမှာ တရားလွှတ်တော်ရှေ့နေများကောင်စီမှ ကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီလိုက်ပါ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ Enrol စစ်ဆေးခြင်းများအပေါ် ကြိုတင်စစ်ဆေးနိုင်ခြင်း၊ တရားလွှတ်တော် ရှေ့နေများကောင်စီ (မန္တလေး)သို့ ရှေ့နေရှေ့ရပ်များအပေါ် တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ ကြိုတင် စိစစ်နိုင်ခြင်း၊ ရှေ့နေရှေ့ရပ်များက တင်ပြလာသည့် အခက်အခဲများကို တရားလွှတ်တော်ရှေ့နေများ ကောင်စီကိုယ်စား ကြိုတင်ဖြေရှင်းနိုင်ခြင်း၊ အထက်မြန်မာပြည်ရှိ တရားလွှတ်တော်ရှေ့နေများ၏ အကျိုးကို ယခင်ထက်ပိုမိုဆောင်ရွက်ပေးနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဥပဒေအရာရှိများတွေ့ဆုံပွဲ အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များမှာကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးသိန်းတို့က လုပ်ငန်းဆိုင်ရာများ တင်ပြကြသည့်အပေါ် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

သတင်းစဉ်

mdn