စည်သူ ဗိုလ်ကလေးတင့်အောင်

 

သက်ကြီးရွယ်အိုဘဝမှာ ကိုဗစ်နဲ့ တွေ့နေရတယ်ဗျာ။ ခန္ဓာကိုယ်ရဲ့ သဘာဝယိုယွင်း အားနည်းလာပြီဖြစ်တဲ့အတွက် ဘယ်မှမထွက်တော့ဘဲ အိမ်တွင်းမှာသာ အနေများရတဲ့အထဲ ကူးစက်ရောဂါဆိုး ကိုဗစ်က အလည်ဝင်လာသေးတယ်။ ဒီတော့ ဝေးဝေးနေ၊ ခွာခွာနေတာ အကောင်း ဆုံးဆိုတဲ့ တားမြစ်ချက်တွေ ထွက်လာပြီး လက်ထိပ်ခတ်မခံရဘဲ အိမ်တွင်းပုန်း လုပ်နေရတော့တယ်။ ။

 

အသက် (၈၀) ကျော်အထိ မြန်မာနိုင်ငံအနှံ့ ခြေဆန့်ခဲ့တဲ့ ကျွန်တော် အိမ်ထဲမှာ ကားခနဲမိတော့တာပဲ။ ဘေးကင်းရန်ကင်း  ကိုယ့်မိသားစုနဲ့ အတူနေရတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝက ပရိသတ်နဲ့ တွေ့ထိပြီး လူများလေ ကြိုက်လေဆိုတဲ့ ဘဝမျိုးဆိုတော့ အချိန်ကြာလာတဲ့အခါ ပျင်းလာတယ်။ ဝန်းကျင်ကို ငေးမောကြည့်ရှုရင်း လွမ်းလာတယ်။ အခုတော့ တရားခံလည်း မဟုတ်ပါဘဲနဲ့ အချုပ်ထဲ ရောက်နေသလို စိတ်ကမြန် လူကနှေး။ ပီဘိကလေးငယ် လေးဘက်ထောက် ဘဝကိုအလိုလို ပြန်ရောက်သွားသလားလို့ ထင်မှားမိပါတယ်။

 

ကျွန်တော်တို့မြန်မာပြည်သူ၊ ပြည်သားတွေအားလုံး တညီတညာတည်း နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့ရဲ့ ညွှန်ကြားမှုကိုလိုက်နာပြီး သိုသိုသိပ်သိပ် ဆိတ်ဆိတ်ကလေး ဆက်နေကြမယ်ဆိုရင် ကိုဗစ်လည်း ရောက်မလာနိုင်တော့ဘဲ ပြေးရရှာမှာပါ။

 

ဂျပန်ခေတ်ကို သတိရတယ်။ သံချောင်းခေါက်ရင် ကျင်းထဲဝင်၊ လေယာဉ်ပြေးမှ ထွက်ကြရဆိုသလိုပါပဲ။ ညိုညစ်တဲ့ ကိုဗစ်လို အဖြစ်ကအေးမှ စုစုဝေးဝေး ဆွေးနွေးတိုင်ပင် ပျော်ရွှင်ကြရတော့မှာပါ။ အင်း .. လူ့ဘဝ .. လူ့ဘဝ .. စုံလဲစုံပါပေ့။ ။

 

ဆရာဦးသုခရဲ့ ဘဝသံသရာသီချင်းကို ဆိုကြည့်လိုက်ရဦးမယ်...။ ဘဝသံသရာ ရှည်လျား ထွေပြား မနေမနား တစ်ထဲ သွားကြတာ။

 

စည်သူဗိုလ်ကလေးတင့်အောင်ကို အဘ ဦးဘသင်၊ အမိ ဒေါ်ဖွားသိမ်းတို့မှ ၁၉၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့၌ မွေးဖွားခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အနုပညာရှင် ဘဝအနေဖြင့် ၁၉၄၀ ပြည့်နှစ်တွင် သီချင်းများ စတင်ရေးသားခဲ့ပြီး သီချင်းရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ စာရေးဆရာ၊ အမျိုးသားစာပေဆုရှင်၊ လူမှုထူးချွန်ဆု၊ စည်သူဘွဲ့ စသည်ဖြင့် အနုပညာနယ်ပယ်၊ စာပေနယ်ပယ်၊ လူမှုနယ်ပယ်တို့တွင် ထင်ရှားကျော်ကြားပြီး ယခုအသက် ၉၈ နှစ် အရွယ်ထိတိုင် ဂီတ၊ ပြဇာတ်၊ စာပေတာဝန်များကို ထမ်းဆောင်နေဆဲဖြစ်သည်။

 

(စာတည်း)