တရားစီရင်ရေးဆိုင်ရာ အခြေခံများနှင့် ဥပဒေ

မောင်စာဂ

တရားစီရင်ရေးဆိုင်ရာ အခြေခံမူ ခုနစ်ချက်ရှိသည်။ တစ်ချက်ချင်းစီအပေါ် အနှစ်ချုပ်၍ ဆောင်းပါးတစ်ပုဒ်စီရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းအခြေခံမူ ခုနစ်ချက်သည် မည်သည့်အချိန်က စတင်ပေါ်ပေါက်လာခဲ့သနည်း။ မည်သို့ထိန်းသိမ်းကာကွယ်ခဲ့ကြသနည်း။ ရေးသားဖော်ပြရန်လည်း လိုပါဦးမည်။ မျှဝေပါရစေ။

 

အခြေခံမူခုနစ်ချက် ပေါ်ပေါက်လာပုံ

၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၀၁ နှင့် ၁၉၇၄ ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေပုဒ်မ ၆ တို့၌ ]]တရားစီရင်ရာ တွင် အောက်ပါမူများအပေါ်အခြေခံ၍ တရားစီရင်ရမည်} ဟူ၍ အခြေခံမူရှစ်ချက်ကိုပြဋ္ဌာန်းခဲ့သည် -

(က) ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊

(ခ) လုပ်သားပြည်သူတို့၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ခြင်း၊

(ဂ) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ခြင်း၊

(ဃ) ဥပဒေကို ပြည်သူအများ နားလည်လိုက်နာကျင့်သုံးလာစေရန်ပညာပေးခြင်း၊

(င) ပြည်သူအချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကို ဥပဒေခွင့်ပြုချက်ဘောင်အတွင်း၌ ဖြစ်နိုင်သရွေ့ကျေအေးပြီးပြတ်စေရန်ဆောင်ရွက်ခြင်း၊

(စ) ဥပဒေအရတားမြစ်ချက်မှအပ ပြည်သူလူထုရှေ့မှောက်တွင် တရားစီရင်ခြင်း၊

(ဆ) အမှုများတွင် ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ပေးခြင်း၊

(ဇ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင်အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ခြင်း။

 

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်စက်တင်ဘာ ၂၆ ရက်တွင် တရားစီရင်ရေးဥပဒေကိုပြဋ္ဌာန်းပေးခဲ့ပြီး ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ၁၉၈၈ ခုနှစ် တရားစီရင်ရေးဥပဒေ ပုဒ်မ ၂ တွင် တရားစီရင်ရေးဆိုင်ရာ အခြေခံရမည့်မူခုနစ်ချက်ကို ပြဋ္ဌာန်းခဲ့သည်။ ထိုခုနစ်ချက်မှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၁ နှင့် ၁၉၇၄ ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေပုဒ်မ ၆ တို့၌ ပြဋ္ဌာန်းခဲ့သည့် တရားစီရင်ရေးဆိုင်ရာအခြေခံမူရှစ်ချက်ထဲမှ နံပါတ် (၁) ဖြစ်သည့် ]ဆိုရှယ်လစ်စနစ်ကိုကာကွယ်စောင့်ရှောက်ခြင်း} အခြေခံမူကိုပယ်ဖျက်ကာ ကျန်အခြေခံမူခုနစ်ချက်ကို ပြန်လည်၍ ပြဋ္ဌာန်းခဲ့သည်။ အချို့အခြေခံမူတွင် စကားလုံးအနည်းငယ်ပြောင်းသည်။ အမှတ်စဉ် ပြင်ဆင်သတ်မှတ်ခဲ့သည်။ အနှစ်သာရမှာ အတူတူပင်ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ တွင်တရားစီရင်ရေးမူများအဖြစ် အချက်သုံးချက် သတ်မှတ်ခဲ့ရာ တွင်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၃ တွင် တရားစီရင်ရေးဆိုင်ရာ အခြေခံမူခုနစ်ချက်ကို သတ်မှတ်ခဲ့ရာ တွင်လည်းကောင်း၊ ယခင်က သတ်မှတ်ပြဋ္ဌာန်းခဲ့သော တရားစီရင်ရေးအခြေခံမူခုနစ်ချက်ကိုပင် ပြဋ္ဌာန်းပေးခဲ့သည်။

 

ဖြတ်သန်းလာခဲ့ရသည့်ကာလများ

ယနေ့ကျင့်သုံးလျက်ရှိသော တရားစီရင်ရေးဆိုင်ရာအခြေခံမူခုနစ်ချက်သည် ၁၉၇၄ ခုနှစ် ကစတင်၍ ပေါ်ပေါက်လာခဲ့ကြောင်း တွေ့မြင်ကြရမည်။ ဖြတ်သန်းလာခဲ့သည့် ကာလအပိုင်းအခြားများကို ဖော်ပြရလျှင်၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်ကာလ၊ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အချိန်ထိဒီမိုကရေစီခေတ်ကာလဟူ၍ ကာလအပိုင်းအခြားသုံး ရပ်ကို ခွဲခြား၍ ကြည့်မြင်နိုင်သည်။

 

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိကာလ

 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ တရားစီရင်ရေးသည် ပြည်သူ့တရားစီရင်ရေးစနစ်ဖြစ်သည်။ ပြည်သူတွေက ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် တရားသူကြီးအဖွဲ့များကို ဖွဲ့စည်းသည်။ ပြည်သူ့ကိုယ်စားလှယ်များကို တရားစီရင်မည့်တရားသူကြီးများအဖြစ် တာဝန်ပေး၍ တရားသူကြီးသုံး ဦးဖြင့် ရုံးထိုင်၍ တရားစီရင်ခြင်းဖြစ်သည်။ ဗဟိုတွင်ပြည်သူ့တရားသူကြီးအဖွဲ့ရှိသည်။ ပြည်နယ်နှင့်တိုင်းအဆင့်တွင် ပြည်နယ်နှင့်တိုင်း ပြည်သူ့တရားသူကြီးအဖွဲ့၊ မြို့နယ်အဆင့်တွင် မြို့နယ်ပြည်သူ့တရားသူကြီးအဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်မှုအဆင့်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပြည်သူ့တရားသူကြီးအဖွဲ့များ ဖွဲ့စည်း ထားရှိသည်။ ခရိုင်အဆင့်ဟူ၍ မထားခဲ့ပါ။ထိုအချိန်က တရားသူကြီးအဖွဲ့အဆင့်ဆင့်သည်တရားစီရင်ရာ တွင် တရားစီရင်ရေးယ္တရား၏ ဒေါက်တိုင်များဖြစ်သည့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူရှစ်ချက်ကို ကောင်းစွာ ထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့သည်။ တရားစီရင်ရေးတွင် ပါဝင်ပတ်သက်သူမှန်သမျှတို့လာဘ်ပေးလာဘ်ယူ မရှိသလောက် ကင်းစင်ခဲ့သည်။ တရားသူကြီးများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုကိုခံယူရသော်လည်း တရားစီရင်ရာ ၌ ပါတီနှင့် ကောင်စီအဆင့်ဆင့်တို့က ဝင်ရောက်ဩဇာလွှမ်းမိုးမှု မရှိသလောက်ဖြစ်သည်။

တရားသူကြီးများသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြ၍ ဥပဒေပညာတတ်ကျွမ်းသူများ မဟုတ်ကြပါ။ ဥပဒေတတ်ကျွမ်းသော တရားရေးဝန်ထမ်းများက တရားသူကြီးအဖွဲ့၏ တရားစီရင်ရေး အကြံပေးများအဖြစ်ဆောင်ရွက်ကြရသည်။ အချို့သောနေရာဒေသများ၌ တရားစီရင်မှုအရည်အသွေး မြင့်မားမှုမရှိခဲ့သည်မှအပ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူရှစ်ချက်ကို ကောင်းစွာထိန်းသိမ်းကာကွယ်နိုင်ခဲ့သဖြင့် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ခဲ့ခြင်းမရှိဟု ဆိုနိုင်သည်။

 

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိကာလ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၈-၉-၁၉၈၈ ရက်တွင် နိုင်ငံတော် အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့သည်။ ၂၆-၉-၁၉၈၈ ရက်တွင် တရားစီရင်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ယခင်ကပြဋ္ဌာန်းခဲ့သော ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ၂၇-၉-၁၉၈၈ ရက်တွင် တရားသူကြီးချုပ်တစ်ဦးနှင့်တရားရုံးချုပ်တရားသူကြီးလေးဦး စုစုပေါင်းငါးဦးဖြင့်တရားရုံးချုပ်ကို ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် တရားစီရင်ရေးဥပဒေအရ ပြည်နယ်သို့မဟုတ် တိုင်းတရားရုံးများနှင့် မြို့နယ်တရားရုံးများကိုဖွဲ့စည်းသည်။ တရားရုံးချုပ်သည် ပြည်နယ် သို့မဟုတ်တိုင်းတရားရုံးများ၊ မြို့နယ်တရားရုံးများတွင် တရားသူကြီးအဖြစ်ဆောင်ရွက်ရန် တရားရေးဝန်ထမ်းများ ခန့်အပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် မြို့နယ်စု တရားရုံးများထပ်မံဖွဲ့စည်းခဲ့သည်။ နောင်တွင် ခရိုင်တရားရုံးများဟုပြန်၍ သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ ဤသို့ဖြင့် တရားရုံးချုပ်က ခန့်အပ်သော တရားသူကြီးများဖြင့် ရုံးထိုင်၍ တရားစီရင်ရေးကိစ္စများ ဆောင်ရွက်ခဲ့သည်။

၁၅-၁၁-၁၉၉၇ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ ထိုနေ့မှာ ပင် အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၈၈ ခုနှစ် တရားစီရင်ရေးဥပဒေကိုပင် ဆက်လက်ကျင့်သုံး ခဲ့သည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပေါ်ပေါက်လာခြင်း

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၉-၅-၂၀ဝ၈ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်လုံးကျွတ်ဆန ́ခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည်။ အထွေထွေရွေးကောက်ပွဲအပြီးတွင် လွှတ်တော်များပေါ်လာသည်။ အစိုးရအဖွဲ့သစ် ပေါ်လာသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်များပေါ်လာသည်။ တရားစီရင်ရေးဥပဒေကိုလည်း ၂၀၁၀ ပြည့်နှစ်မှာပင်ပြဋ္ဌာန်းပေးနိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့သည်။

 

တရားစီရင်ရေးအပေါ် ဝေဖန်မှုများရှိခဲ့ကြ

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပလာစဉ်မှာပင် လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပများမှာ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ဝေဖန်သည့်အသံများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ အချို့က မြန်မာနိုင်ငံ၏ တရား စီရင်ရေးယိုင်လဲသွားပြီဟု ဆိုသည်။ အချို့က ပြိုလဲသွားလုပြီဟုပင် ဆိုကြသည်။ မည်သို့ဆိုစေ တရားစီရင်ရေးတွင် ပါဝင်ပတ်သက် ဆက်နွှယ်နေသူများအားလုံးက ဝိုင်းဝန်းတည့်မတ် ထိန်းသိမ်းကြရမည်သာဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြစ်တင်ဝေဖန်ခြင်း မပြုသင့်ပါ။ အဖြေရှာကြရမည်။ မိမိတာ မိမိလုံကြရမည်။ အခြေခံမူများအတိုင်း မယိမ်းမယိုင် ရပ်တည်နိုင်ရန်သက်ဆိုင်သူများအားလုံး ထိန်းသိမ်းတည့်မတ်ကြဖို့တာဝန်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးကိုဦးတည်ရှေးရှုကြရမည်။ ပြည်သူကိုဗဟိုပြု၍ ပြည်သူကိုမျက်နှာမူကြရပါမည်။

 

တရားစီရင်ရေး ဦးမော့လာပြီ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တို့သည် တရားစီရင်ရေးမဏ္ဍိုင်ပြန်လည်တည့်မတ်စေရန်အစဉ်တစိုက် အားသွန်ကြိုးပမ်းမှုများ စီမံဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်သော ၂၀၁၈ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများအနေဖြင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာငါးနှစ်တာ စီမံကိန်း(၂၀၁၈-၂၀၂၂)ကို ရေးဆွဲနိုင်ခဲ့သည်။ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အ ထည်ဖော်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းတရားရုံးများတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအစီရင်ခံစာ တွင် ပြက္ခဒိန်နှစ်အလိုက် အမှုပြီးပြတ်မှုနှုန်း၊ ဆုံးဖြတ်ပြီး အမှုများ၏ ဆောင်ရွက်နိုင်မှု စသည်တို့ ဖော်ပြထားသည်ကို တွေ့ရသည်။ ဤသည်မှာ အနှစ်ချုပ်၍ ဖော်ပြခြင်း ဖြစ်သည်။ အခြားကြိုးပမ်းဆောင်ရွက်မှုများစွာ ကျန်နေပါသေးသည်။ ဤသည်တို့ကို ကြည့်ခြင်းအားဖြင့်မြန်မာနိုင်ငံ၏တရားစီရင်ရေး ပွင့်လင်းမြင်သာမှုရှိလာပြီး တရားစီရင်ရေးမဏ္ဍိုင် ဦးမော့လာနိုင်ပြီဟုဆိုနိုင်သည်။

 

ထာဝစဉ်အားကောင်းခိုင်မာရှင်သန်တည်ရှိနေပါစေ

တရားစီရင်ရေးမဏ္ဍိုင် သို့မဟုတ် တရားစီရင်ရေးယ္တရားကြီးကို တရားစီရင်ရေးအဆောက်အအုံဟူ၍ မှတ်ယူပါအံ့။ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့သော တရားစီရင်ရေးဆိုင်ရာ အခြေခံမူခုနစ်ချက်သည် တရားစီရင်ရေးအဆောက်အအုံတစ်ခုလုံးကို ထောက်ထားသည့် ဒေါက်တိုင်ကြီးခုနစ်တိုင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤဒေါက်တိုင်ကြီးခုနစ်တိုင်လုံး အားကောင်းသန်မာ၊ ကြံ့ခိုင်နေပါလျှင် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်မရှိတည့်မတ်နေမည်သာဖြစ်သည်။ ဒေါက်တိုင်ကြီး တစ်တိုင်သို့မဟုတ် နှစ်တိုင် အင်အားချို့တဲ့ခြစားခံရလျှင် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်လာပေတော့မည်။ ဒေါက်တိုင်ကြီးလေးတိုင် သို့မဟုတ် ငါးတိုင် အင်အားချို့တဲ့ ခြစား ခံရလျှင်ဖြင့် တရားစီရင်ရေးမဏ္ဍိုင် ပြိုလဲပေတော့မည်။ တရားစီရင်ရေးမဏ္ဍိုင် မယိမ်းမယိုင် ထာဝစဉ်ကြံ့ခိုင်နေစေဖို့ဆိုလျှင် ခေတ်အဆက်ဆက်က ကြုံတွေ့လာခဲ့သော အတွေ့အကြုံများကို သင်ခန်းစာရယူဆင်ခြင်ကာ တရားစီရင်ရေးအဆောက်အအုံကြီး၏ ဒေါက်တိုင်ကြီးခုနစ်တိုင်ဖြစ်သော တရားစီရင်ရေးဆိုင်ရာ အခြေခံမူခုနစ်ချက်ကို အင်အားချို့တဲ့၊ ခြစားမခံရလေအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြဖို့သည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ တရားစီရင်ရေး အခြေခံမူဒေါက်တိုင်ကြီးခုနစ်တိုင် အစဉ်ထာဝရ အားကောင်း၊ သန်မာ၊ ကြံ့ခိုင်နေစေရေး ကြိုးပမ်းအားထုတ်ကြဖို့သည်အဓိကလိုအပ်ချက်ဖြစ်သည်ဟု ဆိုပါရစေ။

 

-တရားစီရင်ရေးအခြေခံမူကြီးခုနစ်ချက်ထာဝစဉ်- တရားစီရင်ရေးအခြေခံမူကြီးခုနစ်ချက် ထာဝစဉ်အားကောင်းသန်မာကြံ့ခိုင်နေပါစေ၊အားကောင်းသန်မာ ကြံ့ခိုင်နေပါစေ၊

 

-တရားစီရင်ရေးမဏ္ဍိုင်ထာဝစဉ်မယိမ်းမယိုင်- တရားစီရင်ရေးမဏ္ဍိုင် ထာဝစဉ် မယိမ်းမယိုင်တည့်မတ်တည်ရှိပါစေ၊တည့်မတ်တည်ရှိပါစေ၊-နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးစီးပွားကို

 

- နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်၊

 

တိုးတက်ဖြစ်ထွန်းစေရေးအတွက်ကာကွယ်စောင့်ရှောက်၊ တိုးတက်ဖြစ်ထွန်းစေရေးအတွက်ပြည်သူဗဟိုပြုတရားစီရင်ရေးထာဝစဉ်ရှင်သန်နေပါစေ။ပြည်သူဗဟိုပြု တရားစီရင်ရေး ထာဝစဉ်ရှင်သန်နေပါစေ

 

rr