တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း

နေပြည်တော် ၁၅ သြဂုတ်

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ငါးနှစ်သက်တမ်းရှိသည့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤတရားစီရင်ရေး မဟာဗျူဟာ၏ ရည်မှန်းချက်သည် ပြည်သူတို့ လက်ခံယုံကြည်အားကိုးနိုင်သည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်စေရန် ဖြစ်ပါသည်။

ဤတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) သည် နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ ဒုတိယမဟာဗျူဟာဖြစ်ပြီး သုံးနှစ်သက်တမ်းရှိသည့် တရားစီရင်ရေးဆိုင်ရာ ပထမမဟာဗျူဟာ၏ အောင်မြင်မှုများအပေါ် အခြေခံလျက် အဆိုပါဒုတိယမဟာဗျူဟာကို ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ဤတရားစီရင်ရေး မဟာဗျူဟာစီမံကိန်းကို ရေးဆွဲရာ၌ တရားစီရင်ရေးနှင့် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်တို့၏ အကြံဉာဏ် အဆိုပြုချက်များအပေါ် အခြေခံသကဲ့သို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ချုပ်တို့၏ အဆိုပြုတင်ပြချက်များ အပေါ်၌လည်းအခြေခံခဲ့ပါသည်။

တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) ၏ ရည်မှန်းချက်သည် အထက်၌ တင်ပြထားသကဲ့သို့ ပြည်သူတို့ လက်ခံယုံကြည်အားကိုးနိုင်သည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ဖြစ်ထွန်း ပေါ်ပေါက်ရေးဖြစ်သည်နှင့်အညီ တရားရုံးများနှင့် တရားစီရင်ရေးစနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို မြှင့်တင်ရန် ဖြစ်ပါသည်။ ဤမဟာဗျူဟာ၏ လုပ်ငန်းနယ်ပယ်များ သတ်မှတ်ရာ၌ ပြည်သူလူထု၏ တရားရုံးများအပေါ် အားကိုးအားထား ပြုနိုင်မှု၊ ပြည်သူလူထု၏ အသိပညာမြှင့်တင်ရေး၊ တရားရုံးတို့၏ သီးခြားလွတ်လပ်ပိုင်ခွင့်နှင့် အုပ်ချုပ်ရေးစွမ်းဆောင်ရည်၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ တရားစီရင်ရေးကဏ္ဍ၏ ယုံကြည်အားကိုးနိုင်မှုအပါအဝင် တရားစီရင်မှု ထိရောက်ထက်မြက်ရေးတို့အား နယ်ပယ်များအဖြစ် သတ်မှတ်ထားပါသည်။

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို စတင်ကျင့်သုံးသည့် ၂၀၁၈ ခုနှစ်၌ ဖြည့်ဆည်းပေးရမည့် ရည်မှန်းချက်ပန်းတိုင်တို့ကို အချိန်ဇယား သတ်မှတ်ချက်နှင့်အတူ တိတိကျကျ သတ်မှတ်ထားပါသည်။ အဆိုပါရည်မှန်းချက် ပန်းတိုင်တို့အနက် တရားရင်ဆိုင်ကြရသည့် ပြည်သူလူထု၏ တရားရုံး စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှုအနိမ့်ဆုံး (၈၀) ရာခိုင်နှုန်းရရှိရေးနှင့် ပြက္ခဒိန်နှစ်အလိုက် အမှုများ ရာနှုန်းပြည့်စီရင်ဆုံးဖြတ်နိုင်ရေးတို့ ပါဝင်ပါသည်။ တရားရုံးတို့၏ စွမ်းဆောင်ရည်ကို ဆုံးဖြတ်ရာ၌လည်း တရားရင်ဆိုင်ကြရသည့် ပြည်သူတို့အား မေးမြန်းကောက်ခံထားသည့် လူထုစစ်တမ်းများနှင့် တရားစီရင်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တို့အပေါ် မူတည်ဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ စတင်အကောင်အထည်ဖော်ခဲ့သည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) သည် နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

မြန်မာ့အလင်း