တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉) သင်တန်း ဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ၈  ဒီဇင်ဘာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာ တက္ကသိုလ် စစ်ရေး ပြကွင်း၌ ကျင်းပသည့် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉) သင်တန်း ဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများအား စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်းများက အနှေး လျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၉)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၀၇၆ ဗိုလ်လောင်း စံရဲကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၀၉၇ ဗိုလ်လောင်း ဇင်ကိုထက်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၀၆၀ ဗိုလ်လောင်း ကျော်ဇင်သန့်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သင်တန်းဆင်း ဗိုလ်လောင်းများ အား မိန့်ခွန်းပြောကြားရာတွင် မိမိတို့တပ်မတော်ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်သည့် တပ်မတော်အဖြစ် တည်ဆောက်ရာတွင် “ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ အင်ဂျင်နီယာအတတ်ပညာဖြင့် တိုက်စွမ်းအားမြှင့်တင်ရန် ကြိုးစားကြရမည် ဖြစ်သကဲ့သို့ တိုက်စွမ်းရည်ရှိရန်လည်း ထိရောက်သည့် လေ့ကျင့်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ လေ့ကျင့်ရေးဖြင့်တည်ဆောက် ရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကိုပါ လေ့ကျင့်ပေးပြီး တပ်မတော်၏ လုပ်ငန်းစဉ်(၃)ရပ်ဖြစ်သည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်အတိုင်း လေ့လာ မှတ်သားမှုများ၊ လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ပြီး ရရှိထားသည့် လေ့လာထား မှု၊ လေ့ကျင့်မှုများအတိုင်း လုပ်ငန်းခွင်တွင် လိုက်နာဆောင်ရွက်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရမည့် အင်ဂျင်နီယာအတတ်ပညာရှင် သားကောင်း ရတနာများဖြစ်အောင် ကြိုးပမ်း အားထုတ်သွားကြရန် လိုအပ်ကြောင်း။

ယနေ့ခေတ် ကာလတွင် သတင်းအချက် အလက်စီးဆင်းမှု လွယ်ကူမြန်ဆန် မှုနှင့်အတူ နည်းပညာဖွံ့ဖြိုး တိုးတက်မှုသည်လည်း အရှိန်အဟုန်ဖြင့် ပြောင်းလဲ တိုးတက်နေသည့် အတွက် နည်းပညာဖွံ့ဖြိုးသည့် နိုင်ငံနှင့် နည်းပညာ မဖွံ့ဖြိုးသည့် နိုင်ငံများအကြား ကွာဟမှုသည် နိုင်ငံ၏ အချုပ်အခြာ အာဏာထိပါးခံရမှု၊ ဆုံးရှုံးနိုင်မှု တို့ကို ဖြစ်ပေါ် စေနိုင်သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက နည်းပညာအခြေပြု ခေတ်မီ တပ်မတော် တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်ကို လေ့လာ တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ခေတ်မီ တပ်မတော်တည်ဆောက်မှုများကို လေ့လာကြည့်လျှင် စစ်မှုသိပ္ပံနှင့်နည်းပညာ ပြောင်းလဲတိုးတက်မှု များအရတပ်မတော် ကို အဆင့်မြှင့် တင်ခြင်း၊ ကျင့်သုံးသည့် စစ်ဆင်မှုသဘောတရား ပြောင်းလဲခြင်းများကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်ကို ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပြောင်းလဲမှုများ၊ ကျင့်သုံးသည့် နိုင်ငံရေးစနစ်အပေါ်တွင် မူတည်ပြီး အတွေးအခေါ် အယူအဆများ၊ ခြိမ်းခြောက်မှုများ၊ လုံခြုံရေးဆိုင်ရာ အယူအဆများလည်း လိုက်ပါပြောင်းလဲနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

စစ်ဘက်ခေါင်းဆောင် တစ်ဦး အနေဖြင့် စစ်ပညာနှင့် ပတ်သက်ပြီး ပြည့်စုံပြီး မြောက်အောင် ဖြည့်ဆည်းရန်အတွက် ပြောင်းလဲ တိုးတက်နေသည့် စစ်နည်းဗျူဟာနှင့် အဆင့်မြင့်နည်းပညာများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်အောင် စဉ်ဆက်မပြတ် လေ့လာသုတေသနပြု တီထွင်နေရန် လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်ရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေး သုံးပါးသည် ခိုင်ခိုင်မာမာ တည်ရှိနေရန်လိုကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို မည်သည့်အခါမှ အထိအပါး အပွန်းအပဲ့ခံမည် မဟုတ်ဘဲ အမြဲ ဦးထိပ်ပန်ဆင်ပြီး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်၏ သမိုင်းပေးတာဝန် တစ်ရပ်လည်းဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်လာလျှင် မမျှော်မှန်းနိုင်သည့် ရလဒ်ဆိုးများ ပေါ်ပေါက်လာနိုင်ပြီး ဘယ်ခေတ်၊ ဘယ်စနစ်တွင်ဖြစ်စေ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အတွက် ထာဝရလိုအပ်နေသည့် ဒို့တာဝန် အရေးသုံးပါးသည် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည့် အမျိုးသားရေး တာဝန်ဖြစ် ကြောင်း ရှင်းလင်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း (၃)ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ညနေပိုင်းတွင် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာ သုံးဆောင်ကြသည်။

ညစာစားပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဝတီ တေးဂီတအဖွဲ့နှင့် မြဝတီ အငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)