တပ်ကုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၂၈

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်  မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို  မေ ၂၈ ရက် နံနက်ပိုင်းက မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ဓမ္မာရုံ၌ ပြုလုပ်ရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ Grade-8 ကျောင်းသား ကျောင်းသူများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုး၊ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆန်းတို့က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်မှ (ထက်၊လယ်၊မူ) ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များကို ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် အခမ်းအနားကို Grade-8 ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဧည့်ခံခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၈ ကျောင်း၊ မူလတန်း (လွန်) ၄၄ ကျောင်း၊ မူလတန်းကျောင်း ၅၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ခြောက်ကျောင်း စုစုပေါင်း ၁၆၇ ကျောင်းတို့တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်နှင့် ၂၇ ရက်အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၁၃၃၂ ဦး ကျောင်းအပ်နှံ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်