တပေါင်းလ စာအလင်္ကာများ

မောင်လူမွှေး(မြန်မာမှု)

မြန်မာ့စာပေယဉ်ကျေးမှုများသည် ဗုဒ္ဓစာပေများနှင့် အနည်းအများဆိုသလို တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်မှုရှိနေပေသည်။
အခါအားလျော်စွာ နံနက်မိုးလင်းတရားတော်နှင့် ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်သည်ကို ကြားနာရသောအသံ၊ နံနက်ချိန်ခါတေးသံသာများကို နားဆင်ရသောအသံများသည် ကြည်နူးရပါ၏။

ထိုအထဲတွင် ရတနသုတ်လာ ဝနပ္ပဂုမ္ဗေ…အစချီ…ဂါထာပိုဒ် ရောက်သောအခါ ဗုဒ္ဓဘုရားရှင်၏ လောကသဘာဝအလှ အမြင်ရသကို ခံစား၍ သဒ္ဓါကြည်ညိုရပါ၏။

ထိုဂါထာတော်အပိုဒ် မြန်မာပြန်သဘောမှာ နွေဥတု စတင်ရောက်ပြီး ပထမလတွင် ရွက်ဟောင်းများကြွေ၍ ရွက်သစ်များဝေနေသော တောတန်းတစ်လျှောက်ရှိ သစ်ရိပ်တောင်ရိပ်တို့သည် ခရီးပန်းလာသူအဖို့ နားခိုလိုက်သောအခါ အေးမြမှုခံစားရသလို သံသရာခရီးပန်းလာ သူများအဖို့လည်း ငါဘုရား၏ဂုဏ်တော်၊ တရားတော်၏ဂုဏ်တော်၊ သံဃာတော်တို့၏ ဂုဏ်တော်တည်းဟူသော အရိပ်အာဝါသမှ နားနေကြည့်ပါက ငြိမ်းချမ်းမှုရှိပါလိမ့်မည်ဟု ဆိုလိုပေသည်။

ဂိမ္မာနံ၊ နွေလတို့၏။ ပထမမာသေ၊ ပထမလသည် (ဝါ) တပေါင်း လပြည့်ကျော် ၁ ရက်နေ့မှ တန်ခူးလပြည့်နေ့ကြားကာလဟု ဆိုလိုပေသည်။ (ခုဒ္ဒကနိကာယ်-သုတ္တနိပါတ် ရတနသုတ်၊ ဝနပ္ပဂုမ္ဗေဂါထာအဖွင့်) တွံတေးဆရာတော်ကြီး၏ ပရိတ်ကြီးနိဿယလင်္ကာသွားမှာရွတ်ဆို၍ အထူးကောင်းလှပါသည်။ သပြေကန်ဆရာတော် ဦးဝါသေဋ္ဌ၏ ပရိတ်ကြီးနိဿယတွင် တပေါင်းလအဖွင့်ကို အကျယ်တဝင့် ကြည့်ရှုနိုင်ပါသည်။

ယခင်လများက လရာသီအကြောင်းနှင့် လအလိုက်လင်္ကာစာပေများကို ရေးသားခဲ့ရာတွင် ရှေးစာဆိုကြီးများ၏ရာသီပွဲအမျိုးမျိုးကို ဖော်ပြရာ၌ ရတု၊ ရကန်၊ အဲ့ အန်၊ လူးတား၊ တေးထပ်၊ သဖြန်၊ ခွန်းထောက်၊ လွမ်းချင်း၊ ပတ်တိုက်၊ လေပြေ စသည်ဖြင့် ထွေထွေရောရာ အလင်္ကာများကို ဖော်ပြခဲ့ပေသည်။

ပျို့ကြီးနှင့် တောလားကြီး

ယခု တပေါင်းလစာအလင်္ကာကိုမူ ပျို့ကြီးနှင့် တောလားကြီး စာကြီးပေကြီးဖြင့် ဖော်ပြပါမည်။ အင်းဝခေတ်တွင် ထင်ရှားခဲ့ကြသည့် ပေလေးပင် ရှင်လေးပါးဟု အမည်တွင်သော ရှင်ဥတ္တမကျော်၊ ရှင်အုန်းညို၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာလောင်းလျာတို့သည် (ခရစ်နှစ် ၈၄၅ ခုနှစ်တွင်) တောင်တွင်းကြီးမြို့နယ်၌ လရက်များ မရှေးမနှောင်းပင် မွေးဖွားကြလေသည်။ ပါရမီရှင် လူငယ်လေးဦးစလုံးပင် နတ်နှီးလင်း ဆရာတော်ထံတွင် အခြေပါဒသင်ဦးစက သင်ခဲ့ကြပေသည်။

ဤဆောင်းပါးပါ အကြောင်းအရာတွင် ပါဝင်သော တပေါင်းလ စာအလင်္ကာကို ရှင်ခေမာမှအပ ကျန်စာဆို သုံးဦးစလုံးပင်ရေးဖွဲ့ခဲ့ကြပေသည်။ ရှင်မဟာသီလဝံသက ဗုဒ္ဓုပ္ပတ္တိပျို့တွင် တစ်ခန်းရေးခဲ့သည်။ (လတပေါင်းဆောင်းပါးတွင် အမြွက်မျှဖော်ပြပြီး) ရှင်အုန်းညိုကမူ ဂါထာ ၆၀ ပျို့တစ်ခုလုံးတွင် တပေါင်းလကိုအကြောင်းပြု၍ ရေးဖွဲ့ ထားခြင်းဖြစ်ပေသည်။

ဂါထာ ၆၀ ဟုဆိုသော်လည်း မူရင်း ဗုဒ္ဓဝင်အဋ္ဌကထာလာဂါထာ ၆၄ ပုဒ်ကို ဖွဲ့ဆိုခြင်းဖြစ်သည်။ အနည်းငယ်ပိုသည်ကို ပမာဏမပြုဘဲ ဂါထာ ၆၀ ဟုပင် မည်တွင်လေသည်။

စာဆိုသည် ထိုဂါထာများပါ အကြောင်းအရာများကို လင်္ကာပိုဒ်ရေ ၈၄ ပိုဒ်ဖြင့် အကျယ်ဖွင့်ဆိုထားလေသည်။ နိဂုံးလင်္ကာ ကိုးပိုဒ်ကို ပေါင်းပါက ၉၃ ပိုဒ်ရှိလေသည်။

ဤပျို့ကို  အင်းဝခေတ် ရွှေနန်းကြော့ရှင်ဘုရင်လက်ထက် သက္ကရာဇ် ၈၇၉ ခုနှစ် ကဆုန်လပြည့်(သောကြာနေ့)တွင် ရေးသားပြီးစီးသည်ဟု နိဂုံးအရသိရပေသည်။

အကြောင်းအရာအကျဉ်းမှာ ဘုရားရှင်အား ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွမြန်းတော်မူပါမည့်အကြောင်းကို ဖွားဖက်တော် ကာဠုဒါယီက လျှောက်ထားခြင်း ဖြစ်လေသည်။ထိုသို့လျှောက်ထား ချက်များတွင်---

နေပြည်တော်ဌာန သားဗုဒ္ဓကြွစေလိုကြောင်း၊ ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ပင့်စေခိုင်းပုံ၊ ဆောင်းနှောင်းနွေကူးတပေါင်းလ သာယာပုံ၊ လယ်ယာအလှူဖြစ်ပုံ၊ မိဘနှစ်ပါးကျေးဇူးကြီးမားပုံ၊ တောလမ်းခရီး သစ်သီးပန်းမာလ်မျိုးစုံ သီးပွင့်နေပုံ၊ သားမျိုးစုံစုဝေး၍ ဟစ်ကြွေးကာ ဘာသာဘာဝရှိနေကြပုံ၊ ငှက်မျိုးစုံပေါင်းစုံ၍ ရောင်စုံ ကျင်းသည့် အဆင်းအလှများ တွေ့ရမည့်ပုံ၊ မြစ်ဖျား ချောင်းနား ရေကန်များ သာယာလှပမှုများရှိနေပုံ၊ ဆွေတော်မျိုးတော်များနှင့် လူ၊ နတ်တို့ ကြည်ညိုနိုင်ဖို့ အစုံစုံတို့ကို အခန်းလိုက် အခန်းလိုက် ရေးဖွဲ့ထားလေသည်။

ယနေ့ခေတ် ငှက်သုတေသန(Ornithology)၊ ပန်းသုတေသန (Botany)၊ လိပ်ပြာသုတေသန(Lepidopterology)၊ သားငှက်တိရစ္ဆာန် သုတေသန (Zoopsychology) စသည့် သုတေသနပညာရှင်များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ကျော်၊ ၆၀၀ အတွင်းက အမည်နာမ အမျိုး အစားခွဲခြား၍ လေ့လာနိုင်သောအကြောင်းခြင်းရာများ ပြည့်နှက်နေ လေသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်လာသော ဆေးအဘိဓာန်ကျမ်းကြီးများတွင် အနောက်တိုင်းနှင့် အိန္ဒိယဝေါဟာရများကို ဖွင့်ဆိုရာ၌ ဤပျို့ပါဆေးပင်အမျိုးအစားများနှင့် ညှိနှိုင်း၍ ဖွင့်ဆိုထားသည်ကို တွေ့ရလေသည်။ စာပေသုတေသနပြုသူအဖို့ အထူးလေ့လာဖွယ်၊ မှတ်သားဖွယ်ရာများ ပြည့်နှက်နေပါသည်။

အခန်း(၂) ပါ ဆောင်းနှောင်းနွေကူး တပေါင်းလသာယာပုံတို့ကို ရေးဖွဲ့ရာ မူလပါဠိဂါထာမှာ သုံးပုဒ်သာဖြစ်ပါ၏။ ထိုကို ပျို့လင်္ကာပိုဒ်ရေ ခုနစ်ပိုဒ်ဖြင့် ဖွဲ့ထားပါ၏။

ပိုဒ်ရေ(၉) မျှော်ရှုမျှော်ရှုမျိုးတစ်စုတွင် ရာဟုအမိအစချီကာ-
…သွားခါတန်စွ၊ ဤကာလ၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်လျောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုဃ်းမစွေ၊ ရေလည်းမကြီး…ဟူ၍ လည်းကောင်း
ပိုဒ်ရေ(၁၂)တွင် ပျော်မှုပျော်မှု မျှော်ကြည့်ရှု၍ ရတုကောင်းစွာ အစချီကာ…

ဤအခါကား၊ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်း မကုန်၊ ပူဟုန် မသည်း၊ ပျံ့ပျံ့ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင် ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရက်၊ အခါဖြစ်၍… ဟူ၍ လည်းကောင်း

ပိုဒ်ရေ(၁၃)တွင် ပေါ်လုပေါ်လု ညွန့်သက်နုနှင့် ရတုသာဖွေ အစချီ ကာ…

…ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျှံသဖွယ်၊ ဝင်းဝင်းကယ်မျှ၊ ပြိုင်လယ်ရဲရဲ၊ အခဲခဲတိ၊ တောထဲစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက်၊ ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြဧဧ၊ လေးညင်း သွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့…ဟူ၍လည်းကောင်း

အပိုဒ်ရေ(၁၄)တွင် ရော်နုရော်နု ရွက်သစ်ပြုလျက်ရတုအလိုက် အစချီ ကာ…

ခက်ချင်းဆိုက်၍၊ အကိုက်ငုံဖူး၊ ဖြူးရရူးလျှင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး xxxxx

ခရီးဆက်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊ သစ်ကိုင်းညွန့်လမ်း၊ ဂနိုင်ပန်းဆီ၊ ထက်ဝန်းပြင်မျှ၊ ပွင့်လတ်ကြသော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ဝတ်ရက်ယူယူ၊ ချစ်မူဘော်နှော၊ ရဂုံတောဝယ်၊ ဥဩကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊ ခုန်ပျံပြေးသွား၊ တစ်ပင်နားလျက်၊ ပင်ဖျားပင်ခြေ၊ ဗွမ်းဗွမ်းထွေလျက်၊ စုံမြေရိပ်ကောင်း၊ ရွှေများပေါင်းသည်၊ ဥဒေါင်းမောရ တွန်ပြီတည်း…ဟူ၍လည်းကောင်း

လမ်းခရီးအဆင့်ဆင့်ကို ရေးဖွဲ့ထားရာ ယနေ့ခေတ်တီဗွီ Discovery အစီအစဉ်တွင် သဘာဝတောတောင်ရေမြေများကို ထက်အောက်ဝန်းကျင် ဒရုန်း(Drone)ဖြင့် ရိုက်ကူးထားသည်ကို ကြည့်နေရသကဲ့သို့ ရသခံစားရပါ၏။

ဤသည်မှာ ရှင်အုန်းညို၏ဂါထာ ၆၀ ပျို့လာ တပေါင်းလ စာအလင်္ကာ၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။

တပေါင်းလ စာအလင်္ကာတို့ ဖော်ကျူးသော အခြားဂန္ထဝင်မြောက် စာကြီးပေကြီး တစ်စောင်မှာ ရှင်ဥတ္တမကျော်၏ ဗုဒ္ဓဘုရားရှင် ကပိလဝတ် နေပြည်တော်သို့ ကြွချီတော်မူခန်း တောလားလင်္ကာကြီးဖြစ်ပေသည်။

ဤတောလားလင်္ကာကြီးမှာ (၉)ပိုဒ်ရှိပါသည်။ စက်ဆယ့်နှစ်လီ ဒွါဒသီဝယ် သုံးလီဥတု လက်ဝဲလုသား… အစချီလင်္ကာ (၈)ပိုဒ်မှာ ကပိလဝတ် ပြည် ကြွခန်းဖြစ်၍ (၉)ပိုဒ်မြောက်= မဂ္ဂင်ရှစ်တန်း၊ လမ်းမှန်ခရီး၊ ရပ်ကြီး သာစည်၊ ရောက်အံ့ရည်၍----အစချီသော၊ (၉)ပိုဒ်မြောက်မှာ -

အရိမေတ္တယျဘုရားရှင်လက်ထက်၌ ဗောဓိလောင်းလျာအဖြစ် ဗျာဒိတ်ခံရပါလိုကြောင်း---

“ငါလိုလည်းကောင်း၊ ဗောဓိလောင်းဟု၊ ညွတ်ညောင်းတံဆိပ်၊ နှုတ်ဗျာဒိတ်ဖြင့်၊ ခပ်နှိပ်သေချာ၊ နှုတ်ဩဘာသည်၊ မြဲစွာဖြစ်လိမ့် လမှန်တည်း” 

ဟု ဥဒါန်းနိမိတ် အကြောင်းဟိတ်ဖြင့်ရေးထားသော ဆုတောင်းလင်္ကာ ဖြစ်ပေသည်။ တောလားကြီး အစကို---

စက်ဆယ့်နှစ်လီ၊ ဒွါဒသီဝယ်- သုံးလီရတု၊ လက်ဝဲလုသား၊ ရတုသာစွ၊ လမဏ္ဍလျှင်၊ သဘင်ဂိမှာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍၊ ဥဏှဂူနတ်၊ ဖန်ရဟတ်လည်း၊ သဟဿရောင် ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိပ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်-----

ဟု အစချီရေးဖွဲ့ထားရာ အရပ်စကားဖြင့်ပြောရပါက ၁၂ လရာသီရှိ ဥတုသုံးပါးတွင် တပေါင်း၊ တန်ခူး ရတု သင်္ကြန်ပြောင်းသော အခါသမယတွင်ဟု ဆိုလိုပေသည်။

သို့သော် ဥတု၊ ရတု၊ လက်ဝဲလု၊ လမဏ္ဍ၊ သဘင်ဂိမှာန်၊ အတာ၊ သင်္ကြန်၊ ဥဏှဂူနတ်၊ ဖန်ရဟတ်၊ ရောင်ခြည်ထောင်… စသည်တို့မှာ ဗေဒင်ပညာရပ် ရာသီစက်နက္ခတ်နယ်ပယ်ကို အကျွမ်းတဝင်ရှိပါမှ(သို့)မြန်မာစာပေ၊ မြန်မာမှုများကို အထူးပြုလေ့လာသူများသာ သိနိုင်သော ဝေါဟာရ အသုံးအနှုန်းဖြစ်ပေသည်။ ထိုသို့ နွေဥတုရောက်သောအခါ ရော်ရွက်ဝါတို့ ကြွေကျ ရွက်သစ် ပုရစ်ဖူး မြစိမ်းရောင်များ ဖူးပွင့်စေသည် ပွင့်လေပြီကို---

…လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ သီးကင်းနုစ၊ အချို့ကမူ…

ဟု ကာရန်နဘေ၊ ဂုဏ်ရသ၊ စာအလင်္ကာများနှင့် ခြယ်မှုန်းထားရာ ရှေးအခါက စာပေနှင့် အကျွမ်းတဝင်မရှိသည့်တိုင် အများအားဖြင့် သိရှိခံစားနိုင်ကြပါ၏။ ဤတောလားလင်္ကာကြီးကဲ့သို့သော စာအလင်္ကာများမှ မြစ်ဖျားခံသော အတက်အထွက်များသည် မြန်မာ့ဂီတ ရသစာပေများတွင် ထင်ဟပ်ကျန်ရစ်ခဲ့ပေသည်။

သီချင်းကြီး သီချင်းခန့်များတွင် မြမြမောင်းမောင်းပတ်ပျိုး၊ မြဝတီမင်းကြီးဦးစ ရေးပြီး ရဝိန်ဒေါင်းယာဉ်ပျံပတ်ပျိုး၊ မန္တလေး ဦးဘသိန်းရေး၍ အဆိုတော်ကိုအံ့ကြီး မိန်ရာသီသီချင်း၊ ဂီတနတ်သံ ကိုစောငြိမ်းရေးဖွဲ့၍ အဆိုတော်မောင်မောင်ညွန့် သီဆိုသော ဝသန်ခါဦး သီချင်း၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေး၍ ရေနံ့သာစိုးလှိုင် သီဆိုသော ကမ္ဘာကုန်ကျယ်သရွေ့ စသည် စသည် သီချင်းများပါ သံစဉ်တေးသွား ကာရံများသည် ဤတပေါင်းလဘွဲ့ စာအလင်္ကာများ၏ အဖူးအပွင့် များပင်ဖြစ်ပေသည်။

စာဆိုရှင်ဥတ္တမကျော်၏ တောလားကြီးလင်္ကာမှာ စာဆို ရှင်အုန်းညို၏ ဂါထာ ၆၀ ပျို့ကဲ့သို့ တပေါင်းလကာလတစ်ခုတည်းကိုသာ ရေးခြင်း မဟုတ်ဘဲ မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ် စသည့် တစ်နှစ် တာကာလ ၁၂ လရာသီစက်များသို့ နေသွားလများကို တာရာနက္ခတ် စန်းယှဉ် လပြည့်သဘာဝတရားကို ရေးသားပြီးမှ တပေါင်းလခါရာသီမှာ အဆုံးသတ်ထားပြီး မည်သို့မည်ပုံသာယာပြန့်ပြူးသည်၊ ကောင်းလှသည် စသည့်အကြောင်းအရာကို ရေးဖွဲ့ထားခြင်းဖြစ်ပေသည်။ 

…မင်းလွင်လိုကို၊ စုံတခိုဝယ်၊ လေချိုဝန်းလု၊ လွမ်းရတု၌၊ ရွက်နု မငြိမ်၊ မြေနှင့်ချိန်လျက်၊ ချိန်ရာသီခွင်၊ မိန်သဘင်မှာ၊ ဗျိုင်းတာရာ တို့၊ မြိုင်မှာမြိုင်လျောက်၊ ရွှေပိတောက်လည်း၊ ဖူးညှောက်ပွင့်ချိန်၊ သီတာသိဟ်ဝယ်၊ သောင်တိမ်ငွေဥ၊ သဲဗွေနုနှင့်၊ ဝတ်စုညွန့်ချီ၊ သရဖီမူ၊ ကြိုင်ဆီလှိုင်သက်၊ ရေဖက်ဆွတ်နှင့်၊ ချွေလွှတ်စောစွာ၊ သည်ချိန်ခါကို၊ သောတပန်မည်၊ မဟာထေရ်တို့၊ မကြည်နိုင်အောင်၊ ခိုးမြူမှော်ခဲ့…။

ဟုရေးဖွဲ့ထားရာ တပေါင်းလ၏ လွမ်းမောဖွယ်ရာ သဘာဝ ပတ်ဝန်းကျင်ကြီးသည်စိတ်တည်ရင့်ကျက်မှုရှိပါပေသည်ဆိုသော သောတာပန်များပင်တွင် စိတ်ကယောက်ကယက်ဖြစ်နိုင်သည်ဟု ရေးစပ်ထားလေသည်။ စာဆိုရေးဖွဲ့သော တောလားကိုးပိုဒ်ကို ဖတ်ရှုရသောအခါ ရသာစုံစားပွဲကြီးကို ဂီတကပွဲနှင့်တကွ ကြည့်ရှုခံစား စားသောက်ရသကဲ့သို့ ရှိလှသည်ဟု ဥပမာတင်ချင်ပါသည်။ ထို့ထက်ထူးခြားသည်မှာ ဤတောလားကြီး၏ အချပိုဒ်များဖြစ်ပေသည်။ ဤအချပိုဒ် (၉) ပိုဒ်ကို ဗြုန်းစားကြီးဖတ်ရွတ် ကြည့်လျှင် ဂမ္မဒေါသသင့်သည်ဟု ထင်ဖွယ်ရာဖြစ်ပါသည်။

“လ” အသုံးအနှုန်း

ဤတောလား စာအလင်္ကာသည် အမှန်တော့ ဘုရားရှိခိုးပင်ဖြစ်ပါသည်။ (ပညာရှင်များယခင်သုံးသပ်ချက်ရှိပြီး) အချပိုဒ်များတွင် လအသုံးသည် ထူးခြားလှပေသည်။ ထို့ကြောင့်လည်း နာမည်ကြီးလှ၏။ အငြင်းပွားဖွယ်ရာဖြစ်ရ၏။ မြန်မာစာပေအရေးအသား၌ အချို့သော ဝါကျစာပိုဒ်တို့တွင် “လ” အသုံးအနှုန်းသည် အကြောင်းအရာရေးဖွဲ့မှု ကိုလိုက်၍ ပါစမြဲဖြစ်ပါသည်။ 

ပရိတ်ကြီး၊ မေတ္တာပို့၊ ပဋ္ဌာန်းစာပေတို့တွင် ရှေ့နှင့်နောက် တူရာ ရာတွင် အသေးစိတ်ဖော်မပြတော့ဘဲ ကြားတွင် “လ” ခံ၍ ရေးသည်များ ကို တွေ့ဖူးကြမြဲဖြစ်ပါသည်။ ထိုသို့သော “လ” ကို “ပေယျာလ” ကျပ်သည်။ ခံသည်။ ထိုးသည်ဟု ခေါ်ပေသည်။ “ပေယျာလကန် ဝကွက် ချန်” စကားပုံပင် ရှိပေသည်။ ထိုကဲ့သို့ “လ” ကလည်း တစ်မျိုးပေ။ 

“အကြံခက်ပါသနော် သံလျက်တော် ခိုးတဲ့သူကို လ” ဟူသော ငိုချင်းတွင်ဆိုသော “လ” မျိုးလည်း ရှိပေသည်။

ရှင်မဟာရဋ္ဌသာရ စာဆိုတော်အကျော် ဆရာတော်၏ကိုးခန်း ပျို့ပိုဒ်ရေ ၄၁ တွင်-

အိုမင်းမစွမ်းဖြစ်ခါမှ ရသေ့ရဟန်းလုပ်သူနှင့် ငယ်စဉ်ပျိုမြစ် နုနယ်အရွယ်ငယ်က လုပ်ဆောင်ချက်သည် ကွာခြားမှုရှိကြောင်း နှိုင်းယှဉ်ပြသောအပိုဒ်တွင်-

…လူစွမ်းသဖွယ်၊ ပျိုနုနယ်က၊ စင်ကြယ်သိမ်မွေ့၊ ရသေ့ရဟန်း၊ ဖြစ်ထွန်းလေငြား၊ ထိုသူ့အားကို၊ ဘုရားကစ၊ ပဏ္ဍိတတို့၊ လွန်လှကြည်ညို၊ ချီးမွမ်းဆို၏။ ထိုကိုစာနာ၊ ငယ်သောခါက၊ သဒ္ဓါနိုးပင့်၊ တရားကျင့်လိမ့်၊ သက်ရင့်မကြီး၊ လ မီတည်း…။

ဟု ရေးသားထားချက်တွင် “လ” အသုံးတို့သည် ကွာခြားပါ၏။ ဤကဲ့သို့ “လ” အသုံးသည် အခြားပျို့ကဗျာလင်္ကာများတွင်လည်း ရှိပါ၏။

ရှင်ဥတ္တမကျော်၏ တောလားကိုးပုဒ်ပါ အချပိုဒ် (၉) ပိုဒ်တွင် ပါသော “လ” သည် ရှေးကဖော်ပြခဲ့သော အကြောင်းအရာများကို စုစည်းသော ငင်သော “လ” အက္ခရာဖြစ်ပေသည်။ ပါဠိသဒ္ဒါသုံးဝေါဟာရ နှင့် ပြောရပါက သမုစ္စည်းဟုခေါ်လေသည်။ သာဓကအနေဖြင့်-
“ဘီလူးသွားကို လ ဖြဲတည်း” ဆိုသော အပိုဒ်တွင် ဒေါသစရိုက်ကြီးသည့် ဘီလူးအပါအဝင် ကုဝေရ၊ ယက္ခ၊ တာနော၊ ကုမ္ဘန္ဓ စသည့် နတ်ဘီလူးများသည် ဘုရားရှင်ကိုဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာ ရှိကြပုံကို တစ်ဦးတစ်ယောက်မျှသာမက အထက်ပါနတ်ဒေဝတာ ဘီလူးများသည်လည်း ထိုကဲ့သို့ပင် ပြုံးရွှင်ကြည်နူးရှိကြပါကုန်၏ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

“ထို့အတူ မုဆိုးချုံက လချောင်းတည်း”ဆိုရာတွင်လည်း ဘုရားရှင်ကြွလာသောအခါ ငှက်ခပ်သမား သားငါးရှာတံငါမုဆိုး ဒုစရိုက်မျိုးဖြင့် သက်မွေးကြကုန်သော သူတို့သည်လည်း ဘုရားရှင်၏ ဘုန်းတန်ခိုး တော်ကြောင့် ကြည်ညိုစိတ်ဖြင့် လေးမြား စသည်တို့ မမြင်ကွယ်ရာတွင်ဝှက်၍ ရှက်ကြောက်ရွံ့ပြီး ပုန်းလျှိုးကွယ်လျှိုး သဒ္ဓါလှူလု ပူဇော်မှုဖြင့် ထောကုတောင်ရိုး ခင်တန်းကုန်း ချုံကြားများမှချောင်း၍ ရှိခိုး ကြည်ညိုကြပုံကို ရေးဖွဲ့ထားခြင်းဖြစ်လေသည်။ မုဆိုးငှက်ခပ်သမားတို့ သာမက အခြားသူများလည်း ထိုသို့ပင်ချောင်း၍ ချောင်း၍ ကြည်ညိုကြပုံကို ရည်ညွှန်းထားခြင်းဖြစ်သည်။ ထို့ကြောင့် “လ” သည် မုဆိုး ချုံက ချောင်းချောင်းတည်းဟူသော ထပ်ဆင့်ဆိုရန်ကို ညွှန်းသည်ဟု ဆိုရာ၏။ ထိုသို့ပင် အခြားအကြောင်းအရာအပိုဒ်များကိုလည်း ဤသို့ပင် ရွတ်ဖတ်ရာ၏။ (နောင်အကျယ် ဖော်ပြပါမည်)

မြန်မာစာ မြန်မာမှုကား ကျယ်ပြန့်ပါ၏။ ဂုဏ်ရသအလင်္ကာများ ဖြင့်ထုံမွမ်းသော ဤတောလားကြီး (၉)ပုဒ်အချကို ဖော်ပြပါမည်။ စာရှုသူများ ပဟေဠိ၊ အာမေဋိတ်၊ ကိလိဋ္ဌဖြင့် ဤစာ၏ မူရင်းစာပိုဒ်များကို ရှာဖွေဖတ်ရှုမှု ပြုနိုင်ကြပါစေ…မြန်မာစာ မြန်မာမှုများ၏ လေးနက်မှု များကို မြတ်နိုးနိုင်ကြပါစေ တပေါင်းလ စာအလင်္ကာများကို နိဂုံးချုပ် အပ်ပါသည်။

    အချပိုဒ် (၉) ပိုဒ် - 

(၁)    စက်ဆယ့်နှစ်လီ၊ ဒွါဒသီဝယ်…အစချီ....
    သီးမျိုးခိုင်ညှာ လပြွတ်တည်း…။ ။

(၂)    စကြာဝဠာ၊ အာဏာဇာတိ…အစချီ....
    ဘီလူးသွားကို လဖြဲတည်း…။ ။

(၃)    ဝဿန်ဟေမ၊ ဂိမှအပြင်…အစချီ....
    တောကြက်တောင်ပ လဖြုန်းတည်း…။ ။

(၄)    တထာကတ၊ နှိုင်းဆမမြော်…အစချီ....
    မုဆိုးချုံက လချောင်းတည်း…။ ။

(၅)    အနုတ္တရ၊ တိလောကဟု…အစချီ....
    မိုးမှာရွှေကြယ် လဥတည်း…။ ။

(၆)    မြသယမ္ဘူ၊ ထွက်မှန်ကူလည်း…အစချီ....
    ရွှေဖောင်မြစ်ညာ လဆန်တည်း…။ ။

(၇)    မဟာသကျ၊ မုနိန္ဒဟု…အစချီ….
    တရားဓားသို့ လထက်တည်း…။ ။

(၈)    ဗျာဒိတ်ဩဘာ၊ မင်္ဂလာဖြင့်…အစချီ….
    ပြုစုပျိုးထောင် လမွှေးတည်း…။ ။

(၉)    နှောင်းဖြစ်အလာ၊ မိတေယျာလျင်…အစချီ….
    မြဲစွာဖြစ်လိမ့် လမှန်တည်း…။   ။