တည်ငြိမ်ဖွံ့ ဖြိုးရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု

၁၁ မေ

 

အံ့အားသင့် စိတ်ပျက်စရာကောင်းသော သတင်းတစ်ပုဒ်ကို ဖတ်ရှုရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မောင်တောဒေသမှ နေရပ်စွန့် ခွာသွားသူများအား လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးနှင့် ၄င်းတို့ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးအတွက် အစ္စလာမ္မစ်နိုင်ငံများ အဖွဲ့ချုပ်မှ ဖိအားပေးမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု ဆိုပါသည်။ အမှန်မှာမူ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသွားသူများကို ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်စေလွှတ်ခြင်း မရှိသေး၍သာလက်မခံနိုင်သေးခြင်း ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဖြည့်စွက်ပုံစံတို့ကို နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ရေးဖြည့်ရေးသည် နိုင်ငံတကာ ကျင့်ဝတ်ကျင့်ထုံး ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံသို့ စာရင်းပေးပို့ခဲ့သည့် ၈၀၃၂ ဦးတို့၏ ဖြည့်စွက်ပုံစံများကို နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ အဘယ်ကြောင့် ရေးဖြည့်ပေးရန် ပျက်ကွက်ရပါသနည်း။ ပို၍ အံ့ဩစရာကောင်းသည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် နှစ်နိုင်ငံသဘောတူထားသည့် ပုံစံအတိုင်းဖြည့်စွက်ထားခြင်း မရှိကြောင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမှ သိရှိခြင်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ လုပ်ရပ်သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတို့ကို ပြန်လည်လက်ခံရေးအတွက် တစ်စုံတစ်ရာ အထောက်အပံ့မဖြစ်စေသည်မှာ ထင်ရှားပါသည်။

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသွားသူများအား ပြန်လည်လက်ခံပြီး နောက်ပိုင်း၌ ရခိုင်ပြည်နယ်၏ တည်ငြိမ်ဖွံ့ဖြိုးငြိမ်းချမ်းမှုရရှိရေးသည် လွယ်ကူရိုးစင်းသော ကိစ္စရပ် မဟုတ်ပါ။ ငြိမ်းချမ်းမှုတည်ဆောက်ရေးသည် စစ်ပွဲအောင်နိုင်ရေးကဲ့သို့ပင် ခက်ခဲသည်ဟူသော ဆိုရိုးစကားရှိပါသည်။ တိတိကျကျတင်ပြပါက ငြိမ်းချမ်းမှုတည်ဆောက်ရေးသည် စစ်ပွဲအောင်နိုင်ရေးထက် ပို၍သိမ်မွေ့၊ ပို၍နက်ရှိုင်းပါသည်။ သို့သော် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းမှုတည်ဆောက်ရေးအတွက် အသေအချာ ခိုင်ခိုင်မာမာ ပြောနိုင်သော အချက်နှစ်ရပ်ရှိပါသည်။ ပထမတစ်ချက်မှာ ရခိုင်ပြည်နယ်၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှုအတွက် လုံခြုံရေးတပ်ဖွဲ့များအပါအဝင် နိုင်ငံတော် အစိုးရက ဦးဆောင်အကောင်အထည်ဖော်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံတော်အစိုးရ၏ တည်ငြိမ်၊ ဖွံ့ဖြိုး၊ ငြိမ်းချမ်းမှုရရှိရေး ကြိုးပမ်းမှုအပေါ် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီရန်လိုအပ်ခြင်း ဖြစ်ပါသည်။

 

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးခိုင်မာရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရမည့်အစား ဘင်္ဂလားဒေ့ရှ်အစိုးရက အဘယ်ကြောင့် ဖိအားပေးရန် လှုံ့ဆော်ကြိုးပမ်းနေရပါသနည်း။ ပဋိပက္ခလွန် နိုင်ငံများ၌ တည်ငြိမ်မှုရှိသော အခြေအနေမှ ရေရှည်တည်ငြိမ်ဖွံ့ဖြိုးမှုရှိသော အနေအထားသို့ ဦးတည်အကောင်အထည်ဖော်ရာတွင် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ချက်သည် သိသိသာသာ အားနည်းချက်များရှိနေသည်မှာ သမိုင်းသက်သေထူပြီးဖြစ်ပါသည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်ဆောင်ရွက်ခဲ့သူ ဘူထရို့စ် ဘူထရို့စ်ဂါလီ (Boutros Boutros – Ghali) “ပြည်သူလူထုအကြား ငြိမ်းငြိမ်းချမ်းချမ်း၊ လုံလုံခြုံခြုံနေနိုင်မည်ဟူသော ယုံကြည်ချက်များ တိုးပွားလာသည်နှင့်အမျှ ငြိမ်းချမ်းမှုခိုင်မာတောင့်တင်းရေး လုပ်ငန်းစဉ်များနှင့်အတူ အဆိုပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ပေးမည့် လုပ်ငန်းယ္တရားများအား တိတိကျကျ သတ်မှတ်လျက် ကဏ္ဍပေါင်းစုံအကြား ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်သည်” ဟု တင်ပြခဲ့ပါသည်။ ဤသို့သော အယူအဆများ အခိုင်အမာရှိပါလျက် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရမည့်အစား တစ်ဖက်သတ်ဖိအားပေးခြင်းကိုသာ မျက်စိမှိတ်ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့သော လုပ်ရပ်တို့သည်နောင်တစ်ချိန် ကမ္ဘာ့သမိုင်းခုံရုံး၌ မှတ်တမ်းတင်ခံရမည့် လုပ်ရပ်များဖြစ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။ 

 

မြန်မာ့အလင်း