တည်ငြိမ် ငြိမ်ချမ်းမှုကို ပျက်ပြားစေသော အဓမ္မနည်းလမ်းများ

၂၄ မေ

 

ဗြိတိန်ပါလီမန်၊ အောက်လွှတ်တော်၏ နိုင်ငံတကာဖွံ့ ဖြိုးတိုးတက်ရေးကော်မတီ(International Development Select Committee) ဝင်အမတ်တို့က ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)၌ စစ်ဆေးရန် ထောက်ခံခဲ့သည်ဟု သိရှိရပါသည်။ နိုင်ငံတကာက လက်ခံအသိအမှတ်ပြုထားသော စည်းမျဉ်းစည်းကမ်းအရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)က စစ်ဆေးခွင့်မရှိသည်ကို အဆိုပါ ဗြိတိန်ပါလီမန်အမတ်တို့က အဘယ်ကြောင့် လျစ်လျူရှုထားပါသနည်း။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်သုံးနိုင်ငံက အသိအမှတ်မပြု၊ လက်မခံသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)၌ မြန်မာနိုင်ငံကို စစ်ဆေးရန် အဆိုပါဗြိတိန်ပါလီမန်အမတ်တို့က အဘယ်ကြောင့် တောင်းဆိုရပါသနည်း။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံဆိုပါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)အနေဖြင့် ၎င်းတို့နိုင်ငံ၏ ဝန်ထမ်းများအား ဖမ်းဆီးထားပါက စစ်ရေးနည်းလမ်းအပါအဝင် နည်းလမ်းမျိုးစုံ ကျင့်သုံးပိုင်ခွင့်ရှိသော အမေရိကန်နိုင်ငံသားဝန်ထမ်းများ ကာကွယ်ရေးဥပဒေ(The American Service- Member’ Protection Act-ASPA)ကိုပင် ပြဋ္ဌာန်းထားပါသည်။ ဤအချက်တို့ကို ကြည့်ရုံမျှဖြင့် နိုင်ငံတကာ ဆက်ဆံရေးစနစ်၏ တရားမျှတမှုအားပုံဖော်ရာတွင် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICC)၏ အခန်းကဏ္ဍကို မေးခွန်းထုတ်ရမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)၌ မြန်မာနိုင်ငံကို စစ်ဆေးရန် ကြိုးပမ်းခြင်းသည် နိုင်ငံတကာ၏ တစ်ဖက်သတ် အမြင်သဘောထားတို့ကို မြန်မာနိုင်ငံအပေါ် အတင်းအဓမ္မသွတ်သွင်းပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းဖြစ်ပါသည်။ ပြဿနာတို့ကို တစ်ခုတည်းသော အမြင်ရှုထောင့်မှ သုံးသပ်၍ တစ်ဖက်သတ်အမြင် သဘောထားတို့ကို ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းသည်ကမ္ဘာကြီး၏ မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိကြောင်း ကမ္ဘာ့သမိုင်းက သက်သေထူပြီး ဖြစ်ပါသည်။ ၂၀ဝ၁ ခုနှစ် အာဖဂန်နစ္စတန် နိုင်ငံအပေါ် စစ်ရေးကျူးကျော်မှုသည် လည်းကောင်း၊ ၂၀ဝ၃ ခုနှစ် အီရတ်နိုင်ငံအပေါ် စစ်ရေးကျူးကျော်မှုသည် လည်းကောင်း၊၂၀၁၁ ခုနှစ် လစ်ဗျားနိုင်ငံအပေါ် စစ်ရေးကျူးကျော်မှုသည် လည်းကောင်း အဆိုပါနိုင်ငံတို့ရှိလူ့အဖွဲ့ အစည်းတို့၏ ဇာစ်မြစ်ပြဿနာတို့ကို ဖြေရှင်းပေးနိုင်စွမ်းမရှိသည်မှာ ပေါ်လွင်ထင်ရှားပြီးဖြစ်ပါသည်။ တိကျသောစကားဆိုပါက ဤစစ်ရေး ကျူးကျော်မှုတို့သည် သက်ဆိုင်ရာနိုင်ငံတို့ရှိ လူ့အဖွဲ့အစည်း၏ဇာစ်မြစ် ပြဿနာတို့ကို မဖြေရှင်းနိုင်ရုံသာမက ပိုမိုဆိုးရွား နက်ရှိုင်းစေခဲ့သည်မှာ သမိုင်းသက်သေထူပြီး ဖြစ်ပါသည်။

 

 

ဗြိတိန်ပါလီမန်၊ အောက်လွှတ်တော်၏ နိုင်ငံတကာဖြိုးတိုးတက် ရေးကော်မတီအပေါ် မေးမြန်းရမည့်မေးခွန်းတို့မှာ အများအပြားပင်ရှိနေပါသည်။ ARSA အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုကို အဘယ်ကြောင့် လျစ်လျူရှုနေရပါသနည်း။ ARSA အကြမ်းဖက်အဖွဲ့က ဌာနေတိုင်းရင်းသား အခွင့်အရေးတောင်းဆိုလျက်မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ဖဲ့ထုတ်ယူရန် ကြိုးပမ်းမှုကို အဘယ်ကြောင့် ပေါ့ပြက်ပြက်ကိုင်တွယ်နေရပါသနည်း။ ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသောသူတို့အား ပြန်လည်လက်ခံရန် နှစ်နိုင်ငံညှိနှိုင်းထားသော သဘောတူစာချုပ်အပေါ် လေးလေးစားစား လိုက်နာရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပျက်ကွက်မှုအပေါ် အဘယ်ကြောင့် လျစ်လျူရှုပျက်ကွက်ရပါသနည်း။ ထွက်ပြေးသွားသူတို့ ရခိုင်ပြည်နယ်၌ ဂုဏ်သိက္ခာရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်အခြေချနေထိုင်နိုင်ရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးက ပင်မလိုအပ်ချက်ဖြစ်သည်ကို အဘယ်ကြောင့် မသိကျိုးကျွန်ပြုရပါသနည်း။ ရခိုင်ပြည်နယ်အရေး၏ ဇာစ်မြစ်ပြဿနာသည် မတူကွဲပြားသော လူ့အသိုင်းအဝိုင်းနှစ်ရပ်ကြား သဟဇာတရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်ရေးဖြစ်ပါသည်။ ဤဇာစ်မြစ်ပြဿနာကို အရေးယူပြစ်ဒဏ်ခတ်ခြင်း အပါအဝင် တစ်ဖက်သတ်ဆန်သော နည်းလမ်းတို့ဖြင့် မဖြေရှင်းနိုင်သည်က လယ်ပြင်တွင် ဆင်သွားသကဲ့သို့ အထင်အရှားပင်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၌ သဟဇာတရှိရေး၊ တည်ငြိမ် ငြိမ်းချမ်းရေး၊ ဖြိုးရေးတို့ ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် ဗြိတိန်အပါအဝင် နိုင်ငံတကာနှင့် ညှိနှိုင်းလက်တွဲဆောင်ရွက်ရန် အဆင်သင့်ရှိပါသည်။ သို့သော်နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြု လေးစားလျက် တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးမှသာလျှင် ဤငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း