တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဇွန် ၂၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပေါ်ပေါက်လာရန်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ ပြည်သူလူထုဗဟိုပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များကို ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိပညာသင်နှစ်တွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် Grade-11 သင်ရိုးဟောင်း ကျောင်းသား/ ကျောင်းသူများကို အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံပြီး ပညာသင်ကြားခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခမ်းအနားသို့ တက်ရောက်လာကြသူများက တစ်ဆင့်စကား တစ်ဆင့်နားကြားရလေအောင် အသိပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုနှစ်ထူးချွန်မှု ရလဒ်များအနေဖြင့် တိုင်းဒေသကြီးအတွင်း (၆)ဘာသာဂုဏ်ထူးရရှိသူ (၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၁၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၁၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၉၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၆၄၄)ဦး၊ စုစုပေါင်း (၈၀၇)ဦးရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ထူးချွန်အောင်မြင်ခဲ့သူများအနက် သရက်ချောင်းမြို့နယ်၊ အထက-သရက်ချောင်းမှ (၆)ဘာသာဂုဏ်ထူးရှင် မအိမြတ်ဖူးက ရမှတ်အများဆုံးဖြစ်နေသည်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကြသော ကျောင်းသား၊ ကျောင်းသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်သောကြောင့် ယခုလိုအခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ မအိမြတ်ဖူး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ မဆုမြတ်ကျော်နှင့် မနန္ဒာလင်းအား ဂုဏ်ပြုဆုချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရရှိသူ (၃)ဦး၊ (၃)ဘာသာ (၃)ဦး၊ (၂)ဘာသာ (၁၂)ဦး၊ (၁)ဘာသာ (၁၁၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၄၉)ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဆုရကျောင်းသား/ ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မအိမြတ်ဖူးက ကျေးဇူးတင်စကားပြောကြားကာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။

 

(၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော မအိမြတ်ဖူးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်(၂၀၀၀၀၀)၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ငွေကျပ် (၁၀၀၀၀၀)၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ငွေကျပ်(၁၀၀၀၀၀)၊ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးမှ ငွေကျပ် (၁၀၀၀၀၀) စုစုပေါင်း ငွေကျပ်(၅၀၀၀၀၀) ချီးမြှင့်ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် (၅၃၆၀၀၀၀) အပါအဝင် တိုင်းဒေသကြီးအတွင်း စုစုပေါင်းချီးမြှင့်ငွေကျပ် (၃၂၇၁၀၀၀၀)ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)