တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကော့သောင်း အောက်တိုဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ (၁၄)မိုင်ကျေးရွာတွင် Good Water(Kawthaung) Co., Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့အတွင်းသို့ သောက်သုံးရေထုတ်လုပ်ဖြန့်ဖြူးရေး စီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးချုပ်မှ ကော့သောင်းမြို့အနေဖြင့် နွေရာသီတွင် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လေ့ရှိသဖြင့် မြို့နေပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရေး စီမံကိန်းလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ရေလှောင်တမံမှ ပင်မရေပိုက်လိုင်း သွယ်တန်းမှုလုပ်ငန်းများအပါအဝင် မြို့တွင်းသို့ သွယ်တန်းမည့် ရေပိုက်လိုင်းများ အမြန်ဆုံး သွယ်တန်းနိုင်ရေး အကောင်အထည်ဖော်စေလိုပါကြောင်း မှာကြားပြီး (၁၄)မိုင်အနီး ဘုတ်ပြင်း-ကော့သောင်း ကားလမ်းဘေးတစ်လျှောက် ပင်မရေသန့်ပို့ ပိုက်လိုင်းသွယ်တန်း တည်ဆောက်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာမည့် အခက်အခဲများအား တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့လေးမိုင်ရှိ သုခဘုံစံသာသနာပြုကျောင်းတိုက်တွင် အောင်ဆန်းဆရာတော်ကြီးနှင့် ကျောင်းထိုင်ဆရာတော်၊ ပတ္တမြားကျောင်းဆရာတော်တို့အား ဖူးမြော်ကြည်ညိုကန်တော့ပြီး လှူဘွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားသို့ ရောက်ရှိပြီး အဆောက်အဦဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်မည့် ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/ အထွက်ဂိတ်မုခ်ဦးပါ အဆောက်အဦ တည်ဆောက်မည့် အခြေအနေအား ရှင်းလင်းဆောင်တွင် အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ  ဝန်ကြီးချုပ်မှ မြန်မာ-ထိုင်းနယ်စပ်ဖြစ်ပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ထွက်လည်ပတ်ရာနေရာ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဖြစ်သည့်အတွက် မုခ်ဦးအား မြန်မာမှုအနုပညာလက်ရာများဖြင့် ခန့်ငြားထည်ဝါစွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်စေလိုကြောင်း၊ ခရီးသွားဧည့်သည်များနားနေရန် နေရာများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရန်နေရာများပါ ထည့်သွင်းစဉ်းစား တည်ဆောက်ကြရန် လမ်းညွှန်မှာကြားကာ မုခ်ဦးနှင့် အဆောက်အဦ တည်ဆောက်မည့် နေရာနှင့် ဆိပ်ခံတံတားအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကော့သောင်းခရိုင်(ပြန်/ဆက်)