တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

ကော့သောင်း ၂၈ ဇူလိုင်

ကော့သောင်းမြို့တွင် ရောက်ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

0094

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ရွှေမင်းဝံ ပုညကုသကျောင်း ဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုကန့်တော့ကာ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး ကော့သောင်းမြို့ ခုတင်(၁၀ဝ)ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် (၄)ခန်းတွဲ (၄)ထပ် ကျန်းမာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေနှင့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် (၃)ထပ် ကျန်းမာရေးဝန်ထမ်းအိမ်ရာ၊ CT Scan ထားရှိမည့် အဆောက်အဦးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

 

0133

 

အလားတူ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ လမ်းအထူးအဖွဲ့(၂၄)မှ ဆောင်ရွက်လျက်ရှိသည့် လေညာ-ရတနာပုံလမ်းပိုင်း မြေသားလမ်းဖောက်လုပ်ပြီးစီးမှုနှင့်  ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့ရှိ ကျန်းမာရေးဦးစီးဌာန၊ ခွဲစိတ်ခန်း(၂)ခန်းပါ တိုးချဲ့(၂)ထပ် ဆေးရုံအဆောက်အဦး၊ RC (၁)ထပ် ဆေးသိုလှောင်ရုံ အဆောက်အဦးနှင့် (၄)ခန်းတွဲ(၄)ထပ် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက်အဦးဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဆက်လက်၍ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၃)မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ဘုတ်ပြင်း-အုန်းတောကမ်းတံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ လည်းကောင်း၊ ညနေပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြု-ရွာဟေ့လူလမ်းပေါ်ရှိ (၁၀ဝX၁၄)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

0947

 

အလားတူ ဝန်ကြီးချုပ်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ကော့သောင်းမြို့၊ (၅၂)မိုင်ချောင်းဖျားကြီးကျေးရွာသို့ ရောက်ရှိပြီး ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်သွားလာနိုင်မည့် ချောင်းဖျားကြီး- သဲတန်း- အောင်မြန်မာ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများသို့ လမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)