တန့်ဆည်မြို့နယ်  ရွာငယ်ကြိုးပြင် ကာကွယ်တောအတွင်း  ဒီဇယ်ဆီပေပါ ၆၇ လုံး တင်ဆောင်လာသော မော်တော်ယာဉ်မီးလောင်

တန့်ဆည် ၁၂ ဧပြီ  

 

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  တန့်ဆည်မြို့နယ်နှင့် တောကျင်ကြား  ရွာငယ်ကြိုးပြင် ကာကွယ်တောအတွင်းတွင် ဧပြီ ၁၁ ရက် ည ၇ နာရီခွဲက ဒီဇယ်ဆီပေပါ ၆၇ လုံး တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး  တာယာအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် မီးသတ်စခန်းနှင့် ၃၉ မိုင်ကွာဝေးပြီး ကံထူးမ  နယ်မြေမီးသတ်စခန်းနှင့်  ၁၅ မိုင်ခန့်ကွာဝေးသည့်  တန့်ဆည်မြို့နယ်နှင့် တောကျင်ကြား မိုင်တိုင် ၃၈ နှင့် မိုင်တိုင် ၃၉ ကြား  ရေဦး - ကလေးဝလမ်းရွာငယ်ကြိုးပြင်ကာကွယ်တောအတွင်းတွင်  ဧပြီ ၁၁ ရက်  ည ၇ နာရီ ခွဲ က  မုံရွာမြို့မှ ဟုမ္မလင်းမြို့ နန်တောရွာသို့သွားသည့်  ယာဉ်မောင်း  ဇင်ကို မောင်းနှင်ပြီး ယာဉ်နောက်လိုက်  ဝေယံထက် လိုက်ပါသည့်   ဒီဇယ်ဆီပေပါ  ၆၇ လုံး တင်ဆောင်လာသော Nissan  ၁၀ ဘီးယာဉ်  အဖြူ /အနက်ရောင် မော်တော်ယာဉ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် တန့်ဆည်မြို့နယ်မီးသတ်ဦးစီးမှူး  ဒုမီးသတ်ဦးစီးမှူး  ဦးမြင့်မြတ်သူ ဦးဆောင်၍  မီးလောင်မှုကို  တန့်ဆည်မြို့နယ်မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်တစ်စီး  ကံထူးမနယ်မြေ မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်တစ်စီး  သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦး   ပြည်သူ  ၄၀ ဦး တို့မှ  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  ည  ၉ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်၍  ည ၉ နာရီ ၅၅ မိနစ်တွင်  မီးလုံးဝငြိမ်းသွားကြောင်း  သိရသည်။

 

မီးလောင်မှုဖြစ်ပွားရသော အကြောင်းရင်းမှာ  Nissan  ၁၀  ဘီးယာဉ်၏  ဘယ်ဘက်နောက်ဘီးမှ တာယာအပူလွန်ကဲရာမှ  မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး  မီးလောင်မှုကြောင့်  ၁၀  ဘီးယာဉ်နှင့် ဆီပေပါ  ၄၀  လုံး   မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍  ယာဉ်မောင်း  ဇင်ကို (ထွက်ပြေး) နှင့် ယာဉ်နောက်လိုက်  ဝေယံထက်တို့နှစ်ဦးအား  တန့်ဆည်မြို့နယ် ကံထူးမနယ်မြေရဲတပ်ဖွဲ့စခန်းမှ  အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း  သတင်းရရှိသည်။

 

မိုးသောက်(ရွှေဘို)