တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြား 

ညောင်ဦး နိုဝင်ဘာ ၆

တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ ၆ ရက်တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြးမှုဦးစီးဌာန ပုဂံရုံးခွဲထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တန်ဆောင်တိုင်ရုံးပိတ်ရက် ဘုရားဖူးလာရောက်သူများပြားပြီး ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ထားရာမှ အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်းကားပြီး သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ် ကူးနီးဘုရား၊ ခြောက်ဘုရားလှဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများပြားကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကြောင်းလည်း သိရသည်။

ကိုကြေးမုံ