တန်ဆောင်မုန်းလပြည့်အခါသမယတွင် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးအတွင်း ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိ

ပွင့်ဖြူ      နိုဝင်ဘာ      ၇


    တန်ဆောင်တိုင်ရုံးပိတ်ရက် တန်ဆောင်မုန်းလပြည့်နေ့အခါသမယသည် နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးတွင် နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဂေါပကအဖွဲ့ထံမှ သိရသည်။ 


    “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးဟာ နေ့ထူးနေ့မြတ် ၊ ခါကြီးရက်ကြီးတွေမှာ ရပ်ဝေးရပ်နီးက ဘုရားဖူးလာရောက်ကြတဲ့သူတွေနဲ့ အရမ်းစည်ကား ပါတယ်။ ဒီနေ့မနက်ဆိုရင် တန်ဆောင်တိုင်ရုံးပိတ်ရက် တန်ဆောင်မုန်းလပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် မနက်စော ကတည်းက ရပ်ဝေးရပ်နီးက ဘုရားဖူးလာတဲ့သူတွေများလို့ အလွန်စည်းကားလျက်ရှိနေပါတယ်။ ဘုရားဖူးလာကြတဲ့ ဧည့်သည် တွေက ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ကြတယ်။ သက်ကြီးဘိုးဘွား တွေကတော့ ဘုရားကိုဦးခိုက်ဖူးမြော်ကြပြီး ဘုရားရင်ပြင်တော်မှာရှိတဲ့ နားနေပြဿဒ်ဆောင်တွေမှာ တရားဘာဝနာ ပွားများအားထုတ်ကြတယ်။ တစ်ချို့ဘုရားဖူးဧည့်သည်တွေကတော့ ဘုရားအနီးမှာရှိတဲ့ ငါးကန်မှာ ငါးစာ၊ လိပ်စာ ကျွေးမွေးပြီး ကုသိုလ်ယူကြတယ်။ ယခုလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဘုရားဖူးပြည်သူတွေကို စိတ်အေးချမ်းစွာနဲ့ ဖူးမြော်နိုင်အောင် ဘုရားဖူးမြော်ခွင့်ကို နံနက် ၆ နာရီကနေ ည ၈ နာရီ အထိ ဖူးမြော်ခွင့်ပြုထားပါတယ်” ဟု အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးမှ ဂေါပအဖွဲ့ဥက္ကဌ ဦးကြည်စိုး က ပြောကြားသည်။ 


    ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့်စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာ(၅၀၀)ခြံရံပြီး ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးဖြစ်သည့်အတွက် မြန်မာပြည်၏ သာသနာ့သမိုင်းဝင် ဗုဒ္ဓဂါယာဖြစ်ပြီး ယခုကဲ့သို့ နေ့ထူးနေ့ မြတ်များတွင် ပြည်တွင်းဘုရားဖူးများက စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြလေ့ရှိကြောင်း သိရသည်။

 
                                                                                                            လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )