တမူး မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ရန်ငြိမ်းအောင်ကျေးရွာနှင့် တီးတိန်ယံကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်နဝါရီ ပထမအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
တမူးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရန်ငြိမ်းအောင်ကျေးရွာနှင့် တီးတိန်ယံကျေးရွာတို့တွင် ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းတစ်ခု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတစ်ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၂၀၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်ထံမှ သိရသည်။
အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု ၁၂၃ စု၊ လူဦးရေ ၅၈၃ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဦး


