တမူး၊ မူဆယ်၊ တန့်ယန်း၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးများဖမ်းဆီးရမိ 

နေပြည်တော် ၂ ဖေဖော်ဝါရီ 


မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီခွဲက တမူးမြို့၊ တမူးမြို့မရပ်ကွက်၊ မြင်ဖူပေါက်အနီးတွင် လမ်းလျှောက်လာသူ တင်ကျော်နှင့် သန်းစိုးအောင် (ခ) အိုက်စိုးတို့ ၂ ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း။


ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ပန်လုံဟောင်းရပ်ကွက်၊ လမ်းသွယ်(၁)နေ မဥမ္မာနှင့် မာနော်တို့၏နေအိမ်ကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မူဆယ်မြို့၊ ပန်လုံဟောင်းရပ်ကွက်၊ လမ်းသွယ်(၁)နေ မနန်းဆိုင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ဆက်လက်၍ မနန်းဆိုင်၏ စစ်ဆေးချက် မူဆယ်မြို့၊ ပန်လုံဟောင်းရပ်ကွက်၊ လမ်းသွယ်(၁)နေ မတွမ်ရွှေမိတ် (ခ) မဝေ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ တွမ်ဂျုံးစိန်း (ခ) မောင်စိန်းအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀ဝ ကိုလည်းကောင်း။


အလားတူ ထိုနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် မူးယစ်တပ်ဖွဲ့စု(၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၂) ရပ်ကွက်နေ အိုက်မောင်နှင့် မအေးအောင်တို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ  အိုက်မောင်အား တွေ့ရှိပြီး ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ဝ ကိုလည်းကောင်း။ 


ထို့အတူ မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ခါးသျှိ(အောက်)ကျေးရွာအဝင်၊ လားရှိုး-တန့်ယန်းသွား ကားလမ်းတွင် ကျင်းရှီမောင်းနှင်လာသော NISSAN WINGROAD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀ဝ၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)