တက္ကသိုလ်ဝင်စာမေးပွဲ တာဝန်ကျ ကျောင်းဆရာမအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားသူများ ဖမ်းမိ

၁၄ မတ်

 

မတ် ၁၁ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သောက္ကန်ကျေးရွာနေ အလယ်တန်းပြ ဆရာမေဒါ်ယဉ်အေးသည် ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာ အ.ထ.က(ခွဲ)မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်အခန်းစောင့်တာဝန် ဆောင်ရွက်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် သောက္ကန်ကျေးအနီး ကျေးရွာခြင်းဆက်လမ်းမပေါ်တွင် အမည်မသိသူ (၃)ဦးမှ ဆိုင်ကယ်အားတားပြီး လူကိုတုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားကြောင်း သိရသည်။

 

ဆိုင်ကယ်လုယူသွားသည့် အဆိုပါ အမည်မသိသူများအား အမြန်ဖမ်းမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စုံးစမ်းရှာဖွေခဲ့ရာ မတ် ၁၂ ရက် ညနေ ၄ နာရီခွဲတွင် ကန့်ဘလူမြို့နယ်၊ တရော်ကိုင်းကျေးရွာနေ ဆန်းလင်းဦးဆိုသူအား ပြစ်မှုကျူးလွန်စဉ် ၎င်းတို့စီးနှင်ခဲ့သော ဆိုင်ကယ်နှင့်အတူ ဖမ်းမိပြီး ၎င်းအားစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်စဉ်က ပါဝင်ခဲ့ကြသည့် စကျင်ကျေးရွာနေ ဝေယံအောင်နှင့် စည်သူနိုင်တို့နှစ်ဦးကို မတ် ၁၃ ရက် ည ၈ နာရီခွဲတွင် သက်သေခံဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သည့် ၎င်းတို့သုံးဦးအား ကန့်ဘလူမြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)