တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူများ ရှိနေပြီး မောင်တော၊ ဘူးသီးတောင်မြို့၌ ဒုတိယနေ့ တည်ငြိမ်အေးချမ်းစွာ ဖြေဆို

မောင်တော ၈ မတ်

 

တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ဖြေဆိုချိန်၌ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ ဦးမောင်သာ (ဒုတိယညွှန်ကြားရေးမှူး) က ခရိုင်ပညာရေးမှူး(ကိုယ်စား) မောင်တောမြို့ပေါ် စာစစ်ဌာနများတွင် လုံခြုံရေး၊ ကျန်းမာရေး စီမံဆောင်ရွက်ထားရှိမှု၊ ဖြေဆိုရာတွင် မသာမှုများ မဖြစ်ပေါ်ရေး သက်ဆိုင်ရာ အခန်းစောင့်ဆရာ/ဆရာမများ၏ ကြီးကြပ်တာဝန်ယူဆောင်ရွက်မှု၊ ကျောင်းသား/သူများ ဖြေဆိုမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

 

ဒုတိယနေ့(အင်္ဂလိပ်စာ) ဘာသာရပ် ဖြေဆိုမှု အပေါ် ကျောင်းသား/သူများ၏ စကားသံများကိုလည်း ယခုလိုကြားသိရသည်။ “ကျွန်တော်ကတော့ မောင်တောမြို့နယ်၊ နံသာတောင်၊ ပရဟိတကျောင်းမှ အထက(၁) စာစစ်ဌာနမှာ ဝင်ရောက်ဖြေဆိုတဲ့ မောင်အောင်ကျော်သန်း ဖြစ်ပါတယ်။ ဒီနေ့ အင်္ဂလိပ်စာ ဘာသာရပ်က မေးခွန်းအနည်းတော့ ခက်တယ်လို့ ထင်ပါတယ်၊ ကျွန်တော့အနေနဲ့ ကိုယ်လေ့လာကျက်မှတ်ထားတဲ့ စာတွေပါလာတော့ ဖြေနိုင်ပါတယ်။”

 

 

“သမီးကတော့ အထက(၁)မှာ ဝင်ရောက်ဖြေဆိုသူ မောင်တောမြိုပေါ်က မသီတာထွေး ဖြစ်ပါတယ်။ ဒီနေ့ဖြေရတာက အင်္ဂလိပ်ဘာသာရပ်ဆိုတော့ မေးခွန်းအနေနဲ့ အများကြီးတော့ မခက်ပါဘူး သမီးကတော့ အောင်မှတ်လောက်တော့ ဖြေနိုင်ပါတယ်ဟု ပြောကြားခဲ့သည်” အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုမှုအပေါ် ကျောင်းသား/သူများ၏ စကားသံအရ အများစုအနေဖြင့် ဖြေဆိုနိုင်ကြောင်း ကြားသိရသည်။

 

 

မောင်တောမြို့နယ်၌ ဒုတိယနေ့ဖြေဆိုရန်စာရင်းသွင်းထားသူ ကျောင်းသား/သူဦးရေ (၈၇၉)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား (၃၇၆) ဦးနှင့် မ(၂၉၀) ဦး၊ပေါင်း (၆၆၆) ဦး၊ ဖြေဆိုပျက်ကွက်သူကျား(၁၄၉) ဦး၊ မ(၆၄) ဦး ပေါင်း(၂၁၃) ဦးရှိပြီး ယမန်နေ့ထက်(၂၄)ဦး ထပ်မံပျက်ကွက်ခဲ့သည်။

 

 

အလားတူ ဘူးသီးတောင်မြို့နယ်တွင် စာစစ်ဌာန(၅)ခုတွင် ဒုတိယနေ့ ဖြေဆိုရန် ဖြေဆိုရန်စာရင်းသွင်းထားသူ ဦးရေမှာ (၂၅၅၃)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျား(၁၀၆၉)ဦး၊မ(၈၄၉)ဦး၊ ပေါင်း (၁၉၁၈)ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ ကျား (၄၉၃) ဦး၊ မ (၁၄၂)ဦး၊ ပေါင်း (၆၃၅)ဦး၊ ယမန်နေ့ထက် (၆၁)ဦးထပ်မံ ပျက်ကွက်ခဲ့ပြီး တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျှက်ရှိသည်။

 

 

မောင်တောခရိုင်အတွင်းရှိ စာစစ်ဌာနများအားလုံးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများပူးပေါင်းတာဝန်ခွဲဝေလျှက် ကျောင်း/သူများ တည်ငြိမ်လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရေး အရေးပေါ် ဆေးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စာမေးပွဲကာလ ပြီးဆုံးချိန်အထိ အလေးထားကာ ပူးပေါင်း တာဝန်ယူကြီးကြပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ စာစစ်ဌာနနှစ်ခုတွင် (အင်္ဂလိပ်စာ) ဘာသာရပ် ဒုတိယနေ့တွင် ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

 

MDN