တကောင်းမြို့တွင် (၃၇)သိန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်း ခေါင်းဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ ယနေ့နံနက် (၇)နာရီခွဲက မူးယစ်ဆေးဝါး သတင်းအရ တကောင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဦးထွန်းဝင်း (ခ) ဦးကျော်တင်နှင့် ၎င်း၏ဇနီး ဒေါ်ဌေးဌေးတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးထွန်းဝင်း(ခ) ဦးကျော်တင်လက်ထဲရှိ အနက်ရောင်အိတ်အတွင်းမှ ထုပ်ပိုးထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀) ပြားပါ (၈)ထုပ်၊ နေအိမ် အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၉၅)ပြားပါ (၁)ထုပ်၊ သတင်းစာစက္ကူ အပိုင်းအစဖြင့် ထုပ်ထားသော ဆေးပြား (၅၃)ပြားပါ (၁)ထုပ်၊ ထုပ်ပိုးထားသော ဆေးပြား(၂၀)ပြားစီပါ အထုတ်(၂)ထုပ်၊ စတိုခန်း အတွင်းမှ ဆေးပြား (၂၀၀)ပြားပါ (၁)ထုပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ 

 

 

ဆက်လက်စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော ၅ ရက်ခန့်က တကောင်းမြို့အရှေ့ ဘက် သွေးကျောင်တောအတွင်းတွင် အမည်၊ နေရပ်လိပ်စာမသိသူထံ မှ (၂၀၀)ပြားပါ (၁)ထုပ်လျှင် (၂၀၀၀၀)ကျပ်ဖြင့် ၁၅ထုပ် ဝယ်ယူခဲ့ကြောင်း၊ ယခုသိမ်းဆည်းရပစ္စည်းများမှာ လက်ကျန်ပစ္စည်းများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

 

ဖြစ်စဉ်နှင့်ပတ်သက်၍ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈၈)ပြား ကာလတန်ဖိုး (၃၉၇၆၀၀၀)ကျပ်အား လက်ဝယ်တွေ့ရှိသူ ထွန်းဝင်း(ခ) ကျော်တင်နှင့် ဌေးဌေးတို့အား တကောင်းနယ် မြေရဲစခန်းမှ ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

ပြန်/ဆက် (တကောင်း)