တိုင်းရင်းသားရိုးရာစကားထာဉာဏ်စမ်းများ

 

တက္ကသိုလ်သျှင်ရတနာ

 

စကောကရင်စကားထာ

 

ရှေးသရောအခါက ရာမညတိုင်းဌာနေရှိ ကျေးလက်တောရွာတစ်ရွာတွင် “ဗညားနှင့် လဂွန်းအိမ်” ဟူသည့် မွန်တိုင်းရင်းသား ဆယ်ကျော်သက်လူငယ် သူငယ်ချင်းနှစ်ဦးရှိသည်။ သူတို့သည် ရွာဦးဘုန်းတော်ကြီးကျောင်း   ဆရာတော်ကြီးထံတွင် ကျောင်းအိပ်ကျောင်းစားဖြင့် လောကီ၊ လောကုတ္တရာ ပညာရပ်များကို သင်ယူလျက်ရှိပြီး  စည်းကမ်း သေဝပ်ကာ စာကြိုးစားကြသူများဖြစ်သည်။

 

ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီးသည်လည်း မွန်တိုင်းရင်းသားဖြစ်သည်။ စာပေကျမ်းဂန်အရာမှာ ကျွမ်းကျင်နှံ့စပ်ပြီး သင်ကြားပို့ချမှုတွင်လည်း ကောင်းသတင်းဖြင့် ကျော်ကြားသည်။ ဗညားနှင့်လဂွန်းအိမ်တို့သည် အားလပ်သည့်အချိန်များတွင် ဘုန်းကြီးကျောင်း၏တောင်ဘက် မန်ကျည်း ပင်ကြီးအောက်တွင် ဆော့ကစားလေ့ရှိသည်။

 

“လဂွန်းအိမ်ရေ ဉာဏ်စမ်းကစားဖို့ အသင့်ဖြစ်ပြီနော်”

 

“သူငယ်ချင်း အဆင်သင့်ဖြစ်ရင် မေးတော့လေ”

 

ဗညား၏ပြောစကားကို လဂွန်းအိမ်ကလည်း အလိုက်သင့်ပြန်ပြောလိုက်သည်။

 

“မေးတော့မယ်တဲ့ မေးတော့မယ်။ မေးတော့ မယ်တဲ့ မေးတော့မယ်။ မဖြေနိုင်ရင် ပန်းပေးကွယ်၊ အဖြေတွေက အလွယ်လေးတဲ့ အလွယ်လေး၊ အလွယ်လေး။ စကောကရင် စကားထာဉာဏ်စမ်းထဲကဖြေမှ အဖြေမှန်မယ် သူငယ်ချင်းရေ”

 

“မေးခွန်းမေးမယ်ဆိုလည်း မေးပါကွာ၊ ဗညားရာ ဟိုလိုလို ဒီလိုလိုတွေ လုပ်မနေပါနဲ့”

 

လဂွန်းအိမ်က စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်ရာ ဗညားတစ်ယောက် တဟင်းဟင်းဖြင့် သဘောကျကာ ရယ်မောနေတော့သည်။ ပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောသည်။

 

“မေးခွန်းမစခင် သူငယ်ချင်းကို အောက်လိုင်း ပေးနေတာပါ။ ကဲ မေးပြီကွာ။ ‘ခုနစ်နှစ်သေသော်လည်း မျက်စိမမှိတ်ဆိုတာ ဘာလဲ။’ ဖြေပေတော့ လဂွန်းအိမ်ရေ”

 

ဗညား၏ ဉာဏ်စမ်းမေးခွန်းကို လဂွန်းအိမ်က တီးတိုးရေရွတ်ကြည့်ရင်း စဉ်းစားနေသည်။ ခဏ အကြာတွင် လဂွန်းအိမ်က ပြုံးပြီးမေးခွန်းကို ဖြေလိုက်သည်။

 

“အဖြေတွေကတော့ အများကြီးတွေ့ပါတယ်ကွာ။ သူငယ်ချင်းလိုချင်တဲ့အဖြေက စကောကရင် တိုင်းရင်းသားစကားထာ ဉာဏ်စမ်းတွေထဲက ဆိုတော့ စဉ်းစားရတာပေါ့။ ဒါလည်း အဖြေကရပါပြီ၊ အဖြေမှန်က ‘ဒေါင်း’ ပေါ့ကွာ၊ ဟုတ်တယ်ဟုတ်”

 

လဂွန်းအိမ်၏အဖြေစကားကို ဗညားက လက်မ ထောင်ပြပြီး ဆက်ပြောသည်။

 

“မှန်ပါတယ် သူငယ်ချင်းရယ်။ ဒါပေမဲ့ ဒီတစ်ခါလည်း ငါပဲမေးခွန်းကို မေးချင်သေးတယ်”

 

“ရပါတယ် ဗညားရာ။ မေးချင်သပဆိုလည်း မေးပေါ့။ ငါကလည်း ဖြေနိုင်မှာပါပဲ”

 

လဂွန်းအိမ်က ဗညား၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရာ ဗညားလည်း ပိုမိုပျော်ရွှင်သွားတော့သည်။

 

“ကျေးဇူးပဲ သူငယ်ချင်းရေ၊ မင်းမေးရမယ့် အလှည့်ကို သဘောထားကြီးကြီးနဲ့ ငါ့ကိုဦးစားပေးလိုက်တာ လေးစားတယ်ကွာ။ ငါမေးချင်တာက ‘အမိကမည်း သားကဖြူ’ ဆိုတာ ဘာလဲကွာ၊ သူငယ်ချင်းဖြေပါဦး”

 

“ရပါတယ်ဗညားရာ၊ ဒီမေးခွန်းက ပိုတောင် လွယ်နေမလားလို့။ ငါ တစ်ခါတည်းဖြေလိုက်ရင် ကောင်းပါ့မလားလို့ တွေးနေတာ။ ‘အမိကမည်း သားကဖြူ’ ဆိုတဲ့မေးခွန်းရဲ့အဖြေကတော့ အမျိုးမျိုး ရှိတာပေါ့ကွာ။ သူငယ်ချင်းလိုချင်တဲ့အဖြေက စကောကရင်တိုင်းရင်းသားစကားထာ ဉာဏ်စမ်းတွေထဲက ဆိုတော့လည်း အဲဒီအုပ်စုထဲက အဖြေကိုပဲ ဖြေလိုက်ပါ့မယ်။ တိကျသေချာတဲ့အဖြေက ‘ထမင်းအိုးနှင့် ထမင်း’ပေါ့ ဗညားရာ၊ ဒါဆိုရင် အဖြေလည်းမှန်၊ သူငယ်ချင်းလည်း ကျေနပ်လောက်ပြီပေါ့နော်”

 

“ကျေနပ်ပါတယ်။ သိပ်ကိုကျေနပ်တယ်။ အဖြေကလည်း တိကျသေချာတယ်ကွာ။ သူငယ်ချင်းက စာပေအဖတ်များတော့ ဗဟုသုတကြွယ်ဝပြီး သေချာမှန်ကန်အောင်ဖြေနိုင်တာပေါ့၊ အားကျတယ် သူငယ်ချင်းရာ”

 

“အချင်းချင်း ကပ်မြှောက်မနေပါနဲ့ကွာ။ ဒါဆို ငါမေးရမယ့်အလှည့်ဆိုတော့ မေးခွန်းထုတ်လိုက် ပြီနော်။ ‘နွားတစ်ရာ နွားဖားတစ်ချောင်း’ ဆိုတာကို ဖြေပေတော့ ဗညားရေ”

 

လဂွန်းအိမ်၏အမေးကို ဗညားက တွေခနဲ တစ်ချက်စဉ်းစားပြီး အဖြေကိုချက်ချင်းမဖြေသေးဘဲ ဆက်ပြောလိုက်သည်။

 

“ဒီလိုလေကွာ မေးခွန်းက ‘နွားတစ်ရာ နွားဖား တစ်ချောင်း’ ဆိုတော့ကွာ ဘာများဖြစ်နေမလားလို့ တွေးမိသေးတယ်။ ဒါပေမဲ့ ငါအောက်လိုင်းပေးထားသလို စကောကရင်တိုင်းရင်းသားစကားထာ ဉာဏ်စမ်းတွေထဲကပဲဖြေမှ အဖြေကမှန်ကန်တိကျ မယ်မဟုတ်လား”

 

“ဒါပေါ့သူငယ်ချင်းရယ်၊ မေးခွန်းမမေးခင်ကတည်းက ဥပဒေသစည်းမျဉ်းစည်းကမ်းကို သူငယ်ချင်းပဲ ထုတ်ထားတာလေ၊ လိုက်နာရမှာပေါ့ ဟင်းဟင်းဟင်း”

 

လဂွန်းအိမ်က ဗညား၏စကားကို ပြန်ပြောရင်း သဘောတကျ ရယ်မောလိုက်သည်။

 

“အေးပါကွာ၊ အဖြေမှန်က ရနေပါပြီ။ ဖြေမယ် နော် ‘ခေါင်မိုးဝါး ဒါမှမဟုတ် ချင်ဝါး’ဆိုရင် မှန်တယ်မဟုတ်လား။

 

ဗညား၏ အဖြေစကားကို မှန်ကန်ကြောင်း လဂွန်းအိမ်က ပြန်ပြောစဉ်မှာပင် ဘုန်းကြီးကျောင်း ဆီက သံချောင်းခေါက်သံ နှစ်ချက်ထွက်ပေါ်လာရာ ဗညားနှင့်လဂွန်းအိမ်တို့နှစ်ဦးသား ဘုန်းကြီးကျောင်းပေါ်သို့ အပြေးတက်သွားကြတော့သည်။