တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်

နေပြည်တော် ၂၉ ဧပြီ

 

မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုး တစ်ရာကျော် မှီတင်းနေထိုင်လျက်ရှိသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသည့် အဓိကတိုင်းရင်းသားလူမျိုးအုပ်စုများနှင့်အတူ တိုင်းရင်းသားလူမျိုးစုများသည် မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ အတူတကွ ငြိမ်းချမ်းသာယာစွာ နေထိုင်ခဲ့ကြသည်။

 

တိုင်းရင်းသားလူမျိုးများအနေဖြင့် အမိပြည်ထောင်စု နိုင်ငံကြီးအတွင်း မှီတင်းနေထိုင်ရပ်တည်လျက်ရှိရာတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကားများဖြင့် တင့်တင့်တယ်တယ် နေထိုင်ခဲ့ကြသည်။ ယင်းတွင်တိုင်းရင်းသားလူမျိုးများ၏ဘဝ အရှည်တည်တံ့ခိုင်မြဲစေရန်အတွက်တိုင်းရင်းသားစာပေနှင့် ဘာသာစကားများ ထွန်းကားရေးမှာ အရေးကြီး သည်။

 

 

ထို့ကြောင့် ဒေသအလိုက်၊ လူမျိုးအလိုက် တိုင်းရင်းသားလူမျိုးများယဉ်ကျေးမှုအဖွဲ့အစည်းများကို ထူထောင်ဖွဲ့စည်း၍ မိမိတို့စာပေယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ကို တွေ့ရသည်။

 

ထို့အပြင် နိုင်ငံတော်အစိုးရက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်အဆက် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်း၍ တိုင်းရင်းသားလူမျိုးများအရေးကို ဦးစားပေးအကောင်အထည်ဖော်နိုင်အောင် အားထုတ်ကြိုးပမ်းနေသည်ကို တွေ့ရသည်။

 

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတွင် တိုင်းရင်းသားဘာသာစကားများ ထွန်းကားရေးသည် အရေးကြီးသလို တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ကူးလူးဆက်သွယ် ပေါင်းသင်းဆက်ဆံနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများ ပိုမိုပျံ့နှံ့သိရှိနိုင်ရေးမှာလည်း အရေးကြီးသည်။ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းချိတ်ဆက်လျက် တိုင်းရင်းသားလူမျိုးများအရေးကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နေသည်။

 

တိုင်းရင်းသားလူမျိုးစုများ စာပေနှင့် အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်ဝေသော အချပ်ပိုကဏ္ဍများ၊ တိုင်းရင်းသားဘာသာစကားများဖြင့်ထုတ်ဝေသော သတင်းစာများ၊ တိုင်းရင်းသားဘာသာ ရုပ်သံကဏ္ဍများ၊ထိုရုပ်သံလိုင်းများတွင် ဘာသာစကား ၁၁ မျိုးဖြင့် ထုတ်လွှင့်မှုများ၊ဘာသာစကား ၁၇ မျိုးဖြင့် အသံလွှင့်မှုများကို နေ့စဉ်၊ အပတ်စဉ် စီစဉ်တင်ဆက်ပေးလျက်ရှိသည်။

 

ထိုသို့ဖော်ဆောင်ပေးလျက်ရှိသည့်အပြင် ယခုအခါ တိုင်းရင်းမီဒီယာများ ရေရှည်တည်တံ့ရေး မီဒီယာဆိုင်ရာ အသိမြှင့်တင်ပေးရေးအတွက် တိုင်းရင်းမီဒီယာညီလာခံများကို မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် ကျင်းပခဲ့ပြီးနောက် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ကျင်းပလျက်ရှိသည်။

 

တိုင်းရင်းမီဒီယာညီလာခံများကို ကျင်းပပေးခြင်းသည် ဆိုင်ရာဆိုင်ရာ တိုင်းရင်းသားများက ၎င်းတို့ ကိုယ်ပိုင်ဘာသာစကားများသာမက မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော မီဒီယာများဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလက်တွဲ၍ ဆက်လက်တိုးတက်ရှင်သန်ဖွံ့ဖြိုးအောင် ဆွေးနွေးတိုင်ပင်အဖြေရှာကြခြင်းဖြစ်သည်။ လက်ရှိထုတ်လွှင့်မှုများအပြင် ထပ်မံတိုးချဲ့ထုတ်လွှင့်ဖော်ပြနိုင်ရေးအတွက်ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများအားလုံး၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားရေးရာကဏ္ဍ မြင့်မား တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းလက်တွဲ၍ အောင်မြင်စွာအကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ