တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

မယ်စဲ့ ၁၃ ဇန်နဝါရီ

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတတ်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

 

အဆိုပါပွဲတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ စာပေများ၊ ဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

 

ယင်းပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

 

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြပြီး ယခင်က ရာသီဥတု နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဖို့ ခက်ခဲတဲ့ အချိန်ကာလတွေ ရှိခဲ့ကြောင်း၊ ယနေ့ကာလမှာ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာတဲ့အတွက် သွေးချင်းညီအစ်ကို မောင်နှမများ၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းတွေကို ပိုမိုထိတွေ့ခွင့် ရရှိလာပြီဖြစ်ကြောင်း၊ မိမိတို့မျိုးနွယ်စုရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရေရှည်တည်တံ့အောင် မြတ်နိုးတဲ့စိတ်ဓာတ်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက် စေလိုပါတယ်’’ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပြောသည်။

 

ထို့နောက် တက်ရောက်လာသော ကယား၊ ကရင်၊ ရှမ်း၊ ကယော၊ ကယန်း တိုင်းရင်းသားများက မိမိတို့မျိုးနွယ်စု၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်မှုများ၊ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များအကြောင်းကို ဆွေးနွေးကြသည်။ ဆက်လက်၍ တိုင်းရင်းသားရိုးရာ အကအလှများနှင့် ဖျော်ဖြေတင်ဆက်ပြီး တက်ရောက် လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသော ရိုးရာယဉ်ကျေးမှု အမွေအနှစ် ပြတိုက်ငယ်ကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသတွင်းရှိ တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

MDN

 

 

SHARE THIS ON SOCIAL MEDIA