တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် နေ့စားလပေးဆရာ/ ဆရာမများနှင့် တိုင်းရင်းသား ဘာသာသင်များအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ လျှောက်လွှာခေါ်ယူ

နေပြည်တော် ၃၀ နိုဝင်ဘာ 

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် နေ့စားလပေး ဆရာ/ ဆရာမများ (Teaching Assistant) နှင့် တိုင်းရင်းသားဘာသာသင် (Language Teacher ) များ ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့်  နေ့စားလပေးဆရာ/  ဆရာမများ (Teaching Assistant) ရာထူးကို လျှောက်ထားလိုသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အသက် (၁၈) နှစ်ပြည့်ပြီး အနိမ့်ဆုံးပညာ အရည်အချင်း ၉ တန်းအောင်မြင်ရန် လိုအပ်ပြီးမြန်မာဘာသာ စကားနှင့် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြော သင်ကြားနိုင်သူဖြစ်ရမည့်အပြင် မူလတန်းအောက်ဆင့် KG၊ ပထမတန်း၊ ဒုတိယတန်း၊ ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းချက်များကို သင်ကြားပေးနိုင်သူဖြစ်ရမည်။

 

တိုင်းရင်းသားဘာသာသင် (Language Teacher) များအတွက် လျှောက်ထားလိုသူသည် အသက် (၁၈) နှစ် ပြည့်ပြီး ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြောသင်ကြားပေးနိုင်သူ ဖြစ်ရမည်။

 

ရွေးချယ်ခန့်ထားခံရသူသည် ခန့်ထားသည့်ဒေသကျောင်းတွင် အနည်းဆုံး (၃) နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဒေသခံများကို ခန့်အပ်ခြင်းဖြစ်သည့်အတွက် နေရာပြောင်းရွှေ့ လျှောက်ထားမှုကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။

 

လျှောက်လွှာပုံစံများကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၏ Facebook Page တွင် Download ရယူ၍လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် အခမဲ့ရယူနိုင်ပြီး ဒီဇင်ဘာ ၃ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၁၈) ရက် အတွင်း အချက်အလက်များ ပြည့်စုံစွာဖြင့် လျှောက်ထားနိုင်ပြီး၊ ဒေသခံတိုင်းရင်းသားများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများ တွင်လည်းကောင်း၊ နေပြည်တော်တွင်းနေထိုင်သူသည့် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်) သို့လည်းကောင်း လျှောက်ထားနိုင်သည်။

 

လျှောက်လွှာနှင့်အတူ ခိုင်လုံမှန်ကန်သော ပညာအရည်အချင်းထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓာတ်ပုံ (၃) ပုံ၊ ကျန်းမာကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ထောက်ခံချက်များ ပူးတွဲပါရှိရန်လိုအပ်သည်။

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဖုန်း ဝ၆၇-၃၄၀၉၃၁၄၊ ဝ၆၇-၃၄၀၉၃၁၅နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်း ဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် စုံစမ်းနိုင်ပြီး နိုဝင်ဘာ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ဒီဇင်ဘာ ၁ ရက်ထုတ် ကြေးမုံသတင်းစာများတွင် ကြော်ငြာ၍ လျှောက်လွှာများ ခေါ်ယူထားကြောင်းသတင်းရရှိသည်။ 

 

(သတင်းစဉ်)